ဆိုမာလီပင်လယ်ဓားပြတွေ ဖမ်းဆီးထားတဲ့ MV Abdullah ကုန်တင်သင်္ဘောနဲ့ သင်္ဘောသား ၂၃ ဦးအတွက် ဘင်္ဂလားဒေ့ရှ်ပိုင်ရှင်တွေက ပြန်ပေးငွေ ဒေါ်လာ ဂုန်နီအိတ် ၃ ထုပ်ပေးပြီး ပြန်ရွေးလိုက်တယ်လို့ DW သတင်းက ဖော်ပြပါတယ်။
ပြန်ပေးငွေပမာဏကို ဘင်္ဂလားဒေ့ရှ် သင်္ဘောကုမ္ပဏီ KSRM ဘက်က ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
သင်္ဘောကက်ပတိန်ရဲ့ ဇနီးသည်ကတော့ လေယာဉ်တစင်းက ဒေါ်လာတွေ အပြည့်ထည့်ထားပေးတဲ့ ဂုန်နီအိတ် ၃ ထုပ် သင်္ဘောပေါ် လာချပေးသွားတယ်လို့ AFP သတင်းဌာနကို ပြောပါတယ်။
ပြန်ပေးငွေ ဒေါ်လာ ၅ သန်းပေးရတာလို့ ရိုက်တာသတင်းဌာနကတော့ သင်္ဘောပေါ်မှာ ရှိနေခဲ့တဲ့ ဆိုမာလီဓားပြ ၂ ဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
“ထုံးစံအတိုင်း ပိုက်ဆံကို ၂ ညခွဲပြီး လာပို့သွားတာ၊ ပိုက်ဆံတွေ အတုလား၊ အစစ်လား စစ်ကြည့်တယ်။ ပြီးတော့ ဝေစုခွဲပြီး အစိုးရတပ်တွေကို ရှောင်ပြီး ထွက်လာခဲ့တာပါ” လို့ ပင်လယ်ဓားပြတဦးဖြစ်တဲ့ အက်ဘ်ဒီရာရှစ် ယူဆွတ်က ရိုက်တာကို ပြောပါတယ်။
ပြန်ပေးငွေရအပြီးမှာ ပင်လယ်ဓားပြ ၆၅ ဦးဟာ သင်္ဘောကို စွန့်ခွာခဲ့တယ်လို့ သိရပါတယ်။
MV Abdullah ဟာ Bulk Carrier အမျိုးအစားဖြစ်ပြီး မိုဇမ်ဘစ်နိုင်ငံက ကျောက်မီးသွေး တန် ၅၅,၀၀၀ ကို ယူအေအီးနိုင်ငံဆီ သယ်လာတာ ဖြစ်ပါတယ်။
Source/Photo-Reuters