ဂျာမန်အဓိပတိ အိုလက်ဖ်ရှိုးဇ် ဟာ ဧပြီ ၁၄ ရက်မှာ တရုတ်နိုင်ငံကို ၃ ရက်ကြာ ခရီးစဉ် လာရောက်နေပြီး သူနဲ့အတူ ဂျာမန်စီးပွားရေးလုပ်ငန်းကြီးတွေက စီအီးအိုတွေပါ ပါဝင်တယ်လို့ သိရပါတယ်။
တရုတ် EV ကားတွေက ဈေးကွက်မှာ မမျှမတ အသာစီးရအောင်လုပ်နေတဲ့ ကိစ္စနဲ့ ရုရှားဘက်က တရုတ်က ကူပေးတဲ့ကိစ္စတွေကြောင့် ဂျာမနီနဲ့ ဆက်ဆံရေးတင်းမာနေချိန်မှာ ဒီခရီးစဉ် စတင်လိုက်တာ ဖြစ်ပါတယ်။
ရှိုးဇ် အဓိပတိဖြစ်ပြီးနောက်ပိုင်း အရှည်ကြာဆုံးခရီးစဉ်မှာ ချုံကင်းမြို့ကို ပထဆုံး သွားရောက်ခဲ့ပြီး ဂျာမနီကုမ္ပဏီ ဘက်ရှ်ရဲ့ ဟိုက်ဒရိုဂျင်လောင်စာဆဲလ် စက်ရုံကို ဝင်ရောက် ကြည့်ရှုခဲ့ပါတယ်။
အဲဒီကနေမှ ရှန်ဟိုင်းနဲ့ ပေကျင်းကို သွားမှာဖြစ်ပြီး တရုတ်သမ္မတ ရှီချင့်ဖျင်၊ ဝန်ကြီးချုပ် လီချန်း တို့နဲ့ တွေ့ဖို့စီစဉ်ထားပါတယ်။
တရုတ် လျှပ်စစ်ကားကုမ္ပဏီတွေကို အစိုးရက နောက်ကွယ်က ပံ့ပိုးပေးတာကြောင့် ဈေးကွက် ယှဉ်ပြိုင်မှုမှာ မမျှမတဖြစ်လာတဲ့အတွက် ကားဈေးကွက်ရဲ့ အဓိကပါဝင်နေသူတယောက်ဖြစ်တဲ့ ဂျာမနီနဲ့ ဆက်ဆံရေးတင်းမာနေတာ ဖြစ်ပါတယ်။
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်မှာလည်း တရုတ်က နည်းပညာပိုင်း တဖက်လှည့်နဲ့ ပံ့ပိုးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ ဒီကိစ္စကိုလည်း ဆွေးနွေးဖို့ရှိတယ်လို့ ရှိုးဇ်က ပြောထားပါတယ်။
တရုတ်ဟာ အီရန်နဲ့လည်း အဆက်ဆံရှိတဲ့အတွက် အရှေ့အလယ်ပိုင်းအရေး တင်းမာမှုမှာ ကြားဝင်ပေးဖို့ တောင်းဆိုတာမျိုးလည်း ရှိနိုင်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
မနှစ်က အီရန်နဲ့ ဆော်ဒီကြားမှာ တရုတ်ကဝင်ညှိပေးခဲ့သလို၊ ပင်လယ်နီမှာ ယီမင်နိုင်ငံက ဟူသီသူပုန်အဖွဲ့က တရုတ်သင်္ဘောဆိုရင် မတိုက်ခိုက်တာမျိုးအထိ တရုတ်ဩဇာက အားကောင်းနေပါတယ်။ အခုလည်း အီရန်နဲ့ အစ္စရေး ပဋိပက္ခမှာ အီရန်နဲ့ ညှိနှိုင်းဖို့ တရုတ်က အရေးပါလာနိုင်ပါတယ်။
Source/Photo - REUTERS/Andreas Rinke