Home
နိုင်ငံတကာ
အီရန် ဒရုန်းနှင့် ဒုံးကျည် ၉၉ ရာခိုင်နှုန်းကျော်ကို ပစ်ချနိုင်ခဲ့ဟု အစ္စရေး ပြော
DVB
·
April 14, 2024
Objects are seen in the sky above Jerusalem after Iran launched drones and missiles towards Israel, in Jerusalem

အီရန်ဟာ အစ္စရေးပိုင်နက်ထဲကို ဧပြီ ၁၃ ရက်ညက ဒရုန်းနဲ့ ဒုံးကျည် ၃၀၀ ကျော်အထိ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ ၉၉ ရာခိုင်နှုန်းကို ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဧပြီ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက “ကျုပ်တို့ ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်။ ကျုပ်တို့ တွန်းလှန်နိုင်ခဲ့တယ်။ ညီညွတ်မှုနဲ့ ကျုပ်တို့ နိုင်ရမယ်။ စစ်တပ်ဟာ တင်းပြည့် လည်ပတ်နိုင်ပြီး နောက်ဆက်တွဲ တုံ့ပြန်ဖို့ကို ဆွေးနွေးနေပြီ” လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့တာကြောင့် အစ္စရေးက တန်ပြန်တိုက်ခိုက်မှုတွေ မကြာမီရှိလာတော့မယ်လို့ မျှော်လင့်ထားကြပါတယ်။ 

အစ္စရေးက တိုက်လိုက်၊ အီရန်က တုံ့ပြန်လိုက်၊ အစ္စရေးက တဖန် ပြန်တုံ့ပြန်လိုက်နဲ့ စစ်ပွဲကြီးအသွင် ဆောင်သွားမှာကို နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။  

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့  အစ္စရေးကသာ အီရန်ကို တန်ပြန်တိုက်ခိုက်မယ်ဆိုရင် ပါဝင်မှာမဟုတ်ဘူးလို့ နေတန်ယာဟု ကို အသိပေးထားတယ်လို့ CNN သတင်းဌာနက အမေရိကန် အစိုးရတာဝန်ရှိသူတွေကို ကိုးကားဖော်ပြပါတယ်။ 

အမေရိကန်သာ အစ္စရေးရဲ့ တန်ပြန်ထိုးစစ်မှာ ဝင်ပါရင် အမေရိကန်စခန်းတွေကိုပါ တိုက်မယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မိုဟာမက်ဘာဂါရီက သတိပေးထား ပါတယ်။ 

လူမဲ့လေယာဉ်တွေကို ဟန့်တားဖို့ရာမှာ အစ္စရေးကို အမေရိကန်၊ ဗြိတိန်၊ ဂျော်ဒန်၊ ပြင်သစ်တို့က ကူညီပေးခဲ့တယ်လို့လည်း အစ္စရေးက အတည်ပြုပါတယ်။  အစ္စရေးဟာ သူ့ လေပိုင်နက်ကို ပုံမှန်အတိုင်း ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ 

အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဂျာမနီ၊ ဂျပန်၊ ချက်၊ ဒိန်းမတ်၊ ပြင်သစ်၊ မက္ကဆီကို၊ နယ်သာလန်၊ နော်ဝေတို့ အပါအဝင် နိုင်ငံအများအပြားက အီရန်ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချထားပါတယ်။

Source/Photo - REUTERS/Ronen Zvulun

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024