တရုတ်အစိုးရက စစ်ကောင်စီကို လိုလားပုံမရတော့ဘဲ မြန်မာ့နိုင်ငံရေးမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်စေချင်တဲ့ အခြေအနေကို တွေ့ရတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်က စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ၊ ဦးမောင်အေး၊ သမ္မတဟောင်း ဦးသိန်းစိန် တို့အပါအဝင် နိုင်ငံရေး သမားတချို့နဲ့ ပြည်တွင်းမှာ တွေ့ဆုံခဲ့ကြောင်း ဧပြီ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး ဧပြီ ၁၁ ရက်နေ့မှာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်တို့နဲ့ ထပ်မံတွေ့ဆုံခဲ့တာပါ။
တရုတ်သံအမတ်ကြီးရဲ့ သံတမန်ရေးရာ တွေ့ဆုံမှုတွေကို အပြုသဘော နားလည်ထားပြီး အသိအမှတ်ပြုတယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။
တရုတ်သံအမတ်ကြီးရဲ့ တွေ့ဆုံမှုတွေဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဆွေးနွေးရေး နည်းလမ်းနဲ့ အဖြေရှာဖို့၊ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ဖို့ ကြိုးစားတာလို့ နားလည်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG )က အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။
NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “ငြိမ်းချမ်းရေး တည်ဆောက်တာအတွက် တရုတ်နိုင်ငံက သံတမန်ရေးနည်းလမ်းအရ အားစိုက်ဆောင်ရွက်နေတာ တွေ့လာရပါတယ်။ တရုတ်သံအမတ်နဲ့ စစ်ကောင်စီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ နေပြည်တော်မှာ အာဏာရှင် ခေါင်းဆောင်ဟောင်းတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ တွေ့ရပါတယ်။ နိုင်ငံရေး အကျပ်အတည်းက ထွက်ဖို့အတွက် အသံပေါင်းစုံ နားထောင်တာရဲ့ အစိတ်အပိုင်းတခုလို့ သုံးသပ်မိပါတယ်။ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတာကို လူထုက သံသယမျက်လုံးနဲ့ ကြည့်နေတယ် ဆိုတာလည်း သတိထားမိပါတယ်။ မြန်မာနိုင်ငံ တည်ငြိမ်မှုအတွက် ငြိမ်းချမ်းရေး တည်ဆောက်တဲ့လုပ်ငန်းတွေမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ကျနော်တို့ကတော့ အသိအမှတ်ပြုပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် အခက်အခဲ အကြီးဆုံးက အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်တယ်ဆိုတာ ထောက်ပြ ပြောကြားချင်ပါတယ်” လို့ ပြောပါတယ်။
တရုတ်အစိုးရရဲ့ အရေးပါတဲ့ ပိုးလမ်းမစီမံကိန်း၊ ကျောက်ဖြူရေနက်စီမံကိန်း၊ မြစ်ဆုံ၊ တကောင်း နီကယ်စီမံကိန်း၊ လက်ပံတောင်းတောင် စီမံကိန်းတို့အပါအဝင် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား အမြောက်အမြား တည်ရှိနေတဲ့အတွက် မြန်မာ့နိုင်ငံရေးနဲ့တည်ငြိမ်မှုဟာ တရုတ်နိုင်ငံအတွက်လည်း အရေးပါနေတာပါ။
အရင် စစ်ခေါင်းဆောင်တွေဟာ တရုတ်အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိခဲ့ပေမဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကတော့ တရုတ်အစိုးရရဲ့ အကျိုးစီးပွားအပေါ် ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဝါရင့်ရှေ့နေ ဦးကြီးမြင့်က “သူတို့က ဖြစ်နိုင်ရင် ခေါင်းဆောင်လည်း ပစ်ချင်တယ်။ ဒီခေါင်းဆောင်တွေနဲ့ကတော့ ပြည်တွင်း ပြည်ပ ကမ္ဘာ့အလယ်မှာလည်း သူတို့သိက္ခာကျတယ်၊ ပြည်တွင်းမှာလည်း လုပ်မရတော့ဘူး။ ဘယ်လိုမှလည်း တိုးတက်မှုမရှိတော့ဘူး။ မင်းအောင်လှိုင်ကလည်း သူတို့ကို တရုတ် Anti သမား ဖြစ်သွားပြီဆိုတာ သူတို့သိသွားပြီ။ ဒါပေမဲ့လို့ မင်းအောင်လှိုင်က မြောက်ပိုင်းသုံးဖွဲ့ တိုက်ပြလိုက်တော့ ပြန်ကပ်ရတယ်။ Anti မလုပ်ရဲတော့ဘူး။ အဲဒီအဆင့်မှာ တရုတ်က နောက်ထပ် ထပ်ဖိပြီးတော့ ဦးသန်းရွှေတို့ သိန်းစိန်တို့ကို တောက်ကြည့်တာ၊ ခင်ဗျားတို့ ဩဇာရှိသေးရင်လည်း ခင်ဗျားလူကို ကြည့်လုပ်ဦး။ ကျုပ်တို့ ဒီအတိုင်း ကြည့်နေရမှာလား၊ ခင်ဗျားတို့ရော ဒီအတိုင်းကြည့်နေလား၊ ခင်ဗျားတို့ ဩဇာမရှိတော့ဘူးလားဆိုတာ သွယ်ဝိုက်ပြီးတော့ စုံစမ်းပြီးတော့ လုပ်ကြဦး၊ အဲဒီအဆင့်ကွာ၊ ဒါတရုတ်ဘက်က။”
စစ်အာဏာသိမ်းပြီး ၃ နှစ်နီးပါးအကြာ တရုတ်နိုင်ငံနယ်စပ် ရှမ်းပြည်နယ်၊ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲတွေအလွန်မှာ တရုတ်အစိုးရရဲ့ မြန်မာ့နိုင်ငံရေးအပေါ် ချဉ်းကပ်တဲ့ပုံစံဟာ အရင်ကထက်ပိုပြီး သိသာတဲ့ အရွေ့တွေရှိလာတာဖြစ်ပါတယ်။
မတ် ၇ ရက်က ကျင်းပခဲ့တဲ့ တရုတ်နိုင်ငံတော် အတိုင်ပင်ခံညီလာခံနဲ့ အမျိုးသားလွှတ်တော် ညီလာခံတွေအပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက လတ်တလော နိုင်ငံခြားရေးနဲ့ ပတ်သက်ပြီး အခြေခံမူ ၄ ချက်ကို ထုတ်ဖော်ပြောဆိုပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးရဲ့ လှုပ်ရှားမှုတွေကို ဆက်တိုက်တွေ့မြင်လာရတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက "လူဟောင်းတွေပေါ့ဗျာ၊ တရုတ်နဲ့ ဆက်ဆံရေးကောင်းခဲ့တဲ့ခေါင်းဆောင်ဟောင်းတွေနဲ့တွေ့တာ၊ လုပ်လေ့လုပ်စရှိတယ် မြန်မာပြည်တင်မဟုတ်ဘူး။ ဘယ်သူ့ကိုပဲဖြစ်ဖြစ်ပါ သူတို့က မိတ်ဟောင်းဆွေဟောင်းတွေဆိုရင် ရောက်တဲ့အချိန်မှာ နုတ်ဆက်ကြ၊ သူတို့အခါကြီးရက်ကြီးတွေဆိုရင် နုတ်ဆက်ကြ ဒီလိုလုပ်တတ်ပါတယ်။ သူတို့ပြောနေတာလည်း People to People Diplomacy ပေါ့။ ပြည်သူအချင်းချင်းကြားက သံခင်းတမန်ခင်းလုပ်ငန်းဆိုပြီးတော့ သူတို့အကြီးအကျယ် ပြောနေတာတွေ ရှိတယ်လေ။ အဲ့ဒီဟာတွေရဲ့ အဝန်းအဝိုင်းထဲမှာပါမယ်ထင်တယ်" လို့ ပြောပါတယ်။
စစ်အာဏာသိမ်းစ ကာလတုန်းကတော့ တရုတ်အပါအဝင် နိုင်ငံတကာက မြန်မာ့အရေးကို အာဆီယံကနေတဆင့် ချဉ်းကပ်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ အလုပ်မဖြစ်ခဲ့တာကြောင့် အင်အားကြီးနိုင်ငံတွေက တိုက်ရိုက်ပါဝင်ပတ်သက်ဖို့ ပြင်ဆင်လာတဲ့ အခြေအနေတွေ ဖြစ်လာခဲ့တာပါ။
မတ် ၇ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိပြောဆိုခဲ့တဲ့ နိုင်ငံခြားရေးမူ ၄ ချက်ကတော့ တခြားနိုင်ငံတွေရဲ့ နိုင်ငံရေးမှာ ဝင်မစွက်ဖို့၊ ပြဿနာတွေကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့၊ ဘယ်ဘက်မှမလိုက်ဘဲ ဖြောင့်မတ်တဲ့ ကြားနေအဖြစ် ပါဝင်ဖို့၊ ဖြစ်လာတဲ့ ပဋိပက္ခတွေရဲ့ အရင်းခံအကြောင်းနဲ့ ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကို ဖြေရှင်းပေးဖို့ စတာတွေ ဖြစ်ပါတယ်။