တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တို့မှာ ဧပြီ ၁၂ ရက်နေ့က စစ်ကောင်စီယာဉ်တန်းနဲ့ စစ်သားတွေ တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၃ ဦး သေဆုံးတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ရိက္ခာပို့လာတဲ့ စစ်ကောင်စီကားတန်းကို ဧပြီ ၁၂ ရက်နေ့ မနက် ၉ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့ LLPDF က ဆိုပါတယ်။
လောင်းလုံးမြို့ ပကဖပြန်ကြားရေးတာဝန်ခံက “မောင်းမကန်ရဲစခန်းကို ရိက္ခာတင်ပို့ပြီးအပြန် စစ်ကောင်စီ ကား ၃ စီးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စကစဘက်က ၃ ယောက်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်” လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစဘက်က ဒုတိယကားတစီး ထိမှန်ခဲ့ပြီး မိနစ်အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိကြဘူးလို့လည်း သူက ဆိုပါတယ်။
သေဆုံးတဲ့ စစ်သားတွေကို တောင်ရှည်ရွာမှာ ထားခဲ့ပြီး ဒဏ်ရာရသူတွေကို ထားဝယ်မြို့ဘက်ကို သယ်သွားတယ်လို့လည်း သိရပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ တောင်ရွာနဲ့ ပါးပြင်ရွာနားမှာ ညဘက် ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်သားတွေကို ဧပြီ ၁၂ ရက် ည ၉ နာရီကျော်မှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့ ပကဖဆီက သိရပါတယ်။
ပြည်သူ့ကာကွယ်ရေး PPDF ၃၆၀၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက “တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ စကစဘက်က ၂ ယောက်က ပြင်းထန်ဒဏ်ရာရသွားတယ်။ ကျန်တဲ့ထိခိုက်သူတွေကိုတော့ ပေါက်ခေါင်းဘက်ကို ပြန်လည်သယ်ဆောင်သွားပြီး သေဆုံးခြင်းရှိ မရှိကိုတော့ စုံစမ်းနေတုန်းပဲ” လို့ ပြောပါတယ်။
အဲဒီစစ်ဆင်ရေးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၁ တပ်ခွဲ ၅ နွေဦးအဖွဲ့နဲ့ ပေါက်ခေါင်းမြို့ ပကဖ တို့က ပြုလုပ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်သွားမှာဖြစ်လို့ စစ်ကောင်စီ ဦးဆောင်ကျင်းပနေတဲ့ ဟန်ပြသင်္ကြန်မဏ္ဍပ်တွေဆီ မသွားလာကြဖို့လည်း တိုက်တွန်းထားပါတယ်။