နွေဦးသင်္ကြန်၊ တိုကျို (ဂျပန်) အမည်နဲ့ထောက်ပို့တော်လှန်ရေး သင်္ကြန်ကို တိုကျိုမြို့၊ Kiba Park မှာ ဧပြီ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားထောင်နဲ့ချီ လာရောက်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်ကိုယ်စားလှယ် ဦးစောဘလှသိန်းက နွေဦးသင်္ကြန်ပွဲတော် တိုကျို (ဂျပန်) ကို အမှာစကားပြောကြားကာဖွင့်လှစ်ပေးခဲ့ပါတယ်။
ထောက်ပို့တော်လှန်ရေး သင်္ကြန်ဖြစ်တဲ့အတွက် ရေကစားခြင်း၊ အရက်သေစာ ရောင်းချသောက်စားတာမရှိဘဲ နွေဦးတော်လှန်ရေးအတွက် တိုင်းရင်းသားရိုးရာ အစားအစာ၊ ရိုးရာပစ္စည်း လက်ဆောင်အရောင်းဆိုင် ရန်ပုံငွေပွဲအဖြစ် သက်သက်သာ နှစ်စဉ် ကျင်းပခဲ့ကြတာပါ။
နွေဦးသင်္ကြန်၊ တိုကျို (ဂျပန်) ရဲ့ ထောက်ပို့တော်လှန်ရေးသင်္ကြန်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလကစလို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ဂျပန်မှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ တော်လှန်ရေး အင်အားစုတွေ အသီးသီးနဲ့ ပူးပေါင်းလက်တွဲပြီး ကျင်းပခဲ့တာပါ။
ပွဲတော်မှာ ရိုးရာအဆိုအကတွေနဲ့ တိုကျိုမှာ သက်တမ်းရင့် မင်္ဂလာဒိုးအဖွဲ့ကလည်း သင်္ကြန်သံချပ်များနဲ့ ပွဲတော်လာသူတွေကို ဖျော်ဖြေခဲ့ကြပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက ပြည်ပရောက် မြန်မာသားများက ခေါင်းစဉ် အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေရှာကြတဲ့အခါ တိုကျိုသင်္ကြန်ပွဲတော်က နှစ်စဉ် မြန်မာ့နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ထောက်ပံ့ပေးနိုင်တဲ့ပွဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။