Home
မြန်မာသတင်း
တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေများကို ထောက်ပံ့ရန် အမေရိကန်နှင့် NUG ဆွေးနွေး
DVB
·
April 13, 2024
hqdefault

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ နယ်မြေတွေရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို အကူအညီပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူက NUG ယာယီသမ္မတနဲ့ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်၊ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID တာဝန်ရှိသူ မိုက်ကယ်ရှစ်ဖာတို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့အပါအဝင် NUG ခေါင်းဆောင်ပိုင်းတချို့နဲ့ ဧပြီ ၁၁ ရက်နေ့က အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ 

မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမယ့်အချက်ပါဝင်တဲ့ ဘတ်ဂျက် အတည်ပြုချက်ကို သမ္မတဂျိုးဘိုင်ဒန်က မတ် ၂၃ ရက်နေ့က လက်မှတ်ရေးထိုး အတည်ပြုပြီးနောက် NUG ခေါင်းဆောင်တွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ တိုက်ရိုက်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော် “အွန်လိုင်းကတွေ့ဆုံဆွေးနွေးခဲ့တယ်။ အဓိက ကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ၃ သန်းနီးပါးရှိတဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးလာရတဲ့ စစ်ရှောင် ဒုက္ခသည်တွေကို တိုက်ရိုက်ထိထိရောက်ရောက်နဲ့ အကူအညီပေးနိုင်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ နောက်တခုကတော့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာ အစိုးရဝန်ဆောင်မှု၊ အုပ်ချုပ်ရေးဝန်ဆောင်မှု၊ အဲဒီမှာ အထောက်အကူ အထောက်အပံ့တွေပေးဖို့ ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြိုးပမ်း ဆောင်ရွက်နေတဲ့ လုပ်ရပ်တွေကို အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြုတာ ထောက်ခံတာ ကြိုဆိုတာတွေလည်း ပြောဆိုခဲ့တာလည်း တွေ့ရပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင် ဟာလည်း စစ်ခေါင်းဆောင်ဟောင်းဦးသန်းရွှေ၊ သမ္မတဟောင်းဦးသိန်းစိန်တို့အပါအဝင် နိုင်ငံရေးသမားတချို့နဲ့ ပြည်တွင်းမှာတွေ့ဆုံခဲ့ကြောင်း ဧပြီ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး ဧပြီ ၁၁ ရက်နေ့မှာ စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်တို့နဲ့ ထပ်မံတွေ့ဆုံခဲ့ပါတယ်။

မတ် ၇ ရက်နေ့ကကျင်းပခဲ့တဲ့ တရုတ်နိုင်ငံတော်အတိုင်ပင်ခံညီလာခံနဲ့ အမျိုးသားလွှတ်တော် ညီလာခံတွေအပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက လတ်တလော နိုင်ငံခြားရေးနဲ့ပတ်သက်ပြီး အခြေခံမူ ၄ ချက်ကို ထုတ်ဖော်ပြောဆိုပြီးနောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးရဲ့ လှုပ်ရှားမှုတွေကိုဆက်တိုက်တွေ့မြင်လာရတာပါ။

မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက “နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အပစ်အခတ်ရပ်စဲပြီးရင်တော့ အားလုံးနိုင်ငံရေးစားပွဲပေါ်ရောက်လာအောင် ကြိုးစားနေပါတယ် လို့ ပြောတယ်။ အဲဒီဟာရဲ့ အဆက်ဖြစ်မယ်ထင်တယ်။ အခု တရုတ်သံအမတ်ကြီးသွားတဲ့ ခရီးစဉ်တွေ ဘာတွေကလေ။ လူတွေကိုဘယ်လို နိုင်ငံရေးစားပွဲပေါ်ခေါ်တင်လို့ရမလဲလို့ သူတို့လည်း လမ်းစတွေရှာနေတာနဲ့ တူတယ်။ ဝမ်ယိပြောတဲ့အထဲမှာလည်း အဲလို ပဋိပက္ခဖြစ်နေတဲ့နိုင်ငံတွေက ဘက်ပေါင်းစုံက လူတွေဆီမှာ သူတို့ကအားလုံး လိုက်လေ့လာပြီးတော့ တတ်နိုင်သမျှ ကူညီဖြေရှင်းပေးနေတယ်လို့ အဲလိုပြောတာပါတယ်။ ဒါကြောင့်မို့ အဲဒီဟာရဲ့အဆက်ပဲထင်တယ် ကြည့်ရတာ။ လူဟောင်းတွေပေါ့ဗျာ၊ တရုတ်နဲ့ဆက်ဆံရေးကောင်းခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေ ဘာတွေကို ဒီလိုပဲလိုက်ပြီးတွေ့တာ” လို့ ပြောပါတယ်။

အင်အားကြီးနိုင်ငံတွေရဲ့အားပြိုင်မှုတွေကြားမှာ မြန်မာ့အရေးဟာမှေးမှိန်နေတာဖြစ်ပြီး လတ်တလော အရှေ့တောင်အာရှဝန်းကျင်မှာ တရုတ်နိုင်ငံက နိုင်ငံအရေးအရ အနည်းငယ်အသာစီးယူထားနိုင်တဲ့ အခြေအနေဖြစ်နေတာပါ။

တရုတ်သံအမတ်ကြီးက စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ လုံခြုံရေး တရားဥပဒေစိုးမိုးရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်တွေက ဖော်ပြပါတယ်။

ဒေါက်တာလှကျော်ဇောက “ထိုင်းဝန်ကြီးချုပ်က ပြောတဲ့အထဲမှာ တခွန်းပါတယ်ဗျ။ တရုတ်ဘက်ကရော အမေရိကန်ဘက်ကရော မြန်မာ့အရေးမှာဝင်ကူဖို့တိုက်တွန်းလို့ သူဝင်လုပ်ရပါတယ် လို့ ပြောတယ်။ နောက်တခုက အမေရိကားက လုံခြုံရေးအရာရှိ ဆူလဗန်နဲ့ တရုတ်နိုင်ငံရေးရေးဝန်ကြီးနဲ့ ဘန်ကောက်မှာတွေ့ကြတာပဲလေ။ အခုက တရုတ်နဲ့အမေရိကန်နဲ့ ဆက်ဆံရေး တစုံတရာကောင်းလာလို့ မြန်မာပြည်အရေးကိုလည်း ဟန်ချက်ညီညီ ဝင်ပြီး ဆွေးနွေးဖို့ လုပ်နေကြတယ်ထင်တယ် ကြည့်ရတာတော့။ အခုက တရုတ်နဲ့အမေရိကန်က ထိပ်တိုက်ရင်ဆိုင် တွေ့ကြတာတွေလည်းရှိတာပေါ့ ကုန်သွယ်ရေးကိစ္စတွေဘာတွေ။ အမေရိကန်ကလည်း ယူကရိန်းကိစ္စရော အစ္စရေးကိစ္စရော ဒီလောက်ချာချာလည်နေတာ ကျန်တဲ့ကိစ္စတွေမှာ သိပ်ပြီးတော့ ထိထိရောက်ရောက်ပါနိုင်မယ် မထင်ဘူး။ အဲ့ဒါကြောင့် တရုတ်ရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ဟာ နည်းနည်းအပေါ်စီးရသလိုဖြစ်နေတာပေါ့။ အထူးသဖြင့် ဒီအရှေ့တောင်အာရှဘက်ပေါ့ဗျာ” လို့ ပြောပါတယ်။

မတ် ၇ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိပြောဆိုခဲ့တဲ့ နိုင်ငံခြားရေးမူ ၄ ချက်ကတော့ တခြားနိုင်ငံတွေရဲ့ နိုင်ငံရေးမှာ ဝင်မစွက်ဖို့၊ ပြဿနာတွေကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့၊ ဘယ်ဘက်မှမလိုက်ဘဲ ဖြောင့်မတ်တဲ့ကြားနေအဖြစ်ပါဝင်ဖို့၊ ဖြစ်လာတဲ့ ပဋိပက္ခတွေရဲ့ အရင်းခံအကြောင်းနဲ့ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကိုဖြေရှင်းပေးဖို့ စတာတွေဖြစ်ပါတယ်။

အဲဒါအပြင် တရုတ်နိုင်ငံဟာ ကုလလုံခြုံရေးကောင်စီဝင်နိုင်ငံကြီးအနေနဲ့ ကမ္ဘာ့ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ဝတ္တရားရှိတဲ့အတွက် အားလုံးနဲ့အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ ထားရှိတယ်လို့ ဝမ်ယိက ပြောဆိုထားပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024