ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက ဧပြီ ၁၀ ရက်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားရတဲ့ သူ့ရဲ့သားတွေဟာ အဖွဲ့အတွက် တိုက်ခိုက်ရေးသမားတွေ မဟုတ်ကြောင်း ဧပြီ ၁၁ ရက်မှာ ငြင်းဆိုခဲ့ပြီး သူတို့ရဲ့ သေဆုံးရမှုက ဆွေးနွေးပွဲတွေကို သက်ရောက်မှု ရှိ မရှိ မေးမြန်းရာမှာ ဟာနီယာက “အရာအားလုံးထက် ပါလက်စတိုင်းပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
သူ့ကလေးတွေဟာ ပါလက်စတိုင်း ပြည်သူတွေထဲက ပြည်သူတွေသာဖြစ်ပြီး ဒီစွပ်စွဲချက်တွေဟာ အစ္စရေးရဲ့ ရာဇဝတ်မှုတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို အကြောင်းပြဖို့ လိမ်ညာမှုတွေသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဟားမတ်စ်ကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကြိုးပမ်းနေဆဲဖြစ်ပေမဲ့ အစ္စရေးကတော့ တောင်းဆိုချက်တွေကို တုံ့ပြန်ဖို့ အချိန်တွေရွှေ့ဆိုင်းပြီး ရှောင်တိမ်းနေတယ် လို့ ဟာနီယာက ရိုက်တာကို ဒိုဟာကနေ ပြောပါတယ်။
ဟားမတ်စ်တွေရဲ့ သဘောထားကတော့ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး၊ အစ္စရေးတွေ လုံးဝ ဆုတ်ခွာသွားရေးနဲ့ နေရပ်စွန့်ခွာသွားသူတွေ ပြန်ရောက်လာရေးတို့အပေါ် စွဲစွဲမြဲမြဲ တောင်းဆိုထားတယ်လို့ ဟာနီယာက ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ ထိပ်တန်းတပ်မှူးတွေ သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်တွေကို တိုင်ပင်ခြင်းမရှိဘဲ အခုသီတင်းပတ်အတွင်းမှာ ဟာနီယာရဲ့ သား ၃ ဦးကို သတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်း အစ္စရေးမီဒီယာတွေက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ကြပြီး ဂါဇာမှာရှိနေတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး ကြိုးပမ်းမှုတွေကို ရှုပ်ထွေးစေမယ့် အန္တရာယ်ဖြစ်စေတဲ့ လုပ်ဆောင်ချက်လို့လည်း ပြောကြပါတယ်။
အကြီးတန်း အစ္စရေးအရာရှိတွေကို ကိုးကားချက်အရ အာမီယာ၊ မိုဟမ်မဒ်နဲ့ ဟာဇမ် ဟာနီယာတို့ဟာ တိုက်ခိုက်ရေးသမားတွေအဖြစ် ပစ်မှတ်ထားခံရတာဖြစ်ပြီး ဟားမတ်စ်ရဲ့ နိုင်ငံရေးခေါင်းဆောင် ဟာနီယာရဲ့သားတွေဖြစ်လို့ တိုက်ခိုက်တာမဟုတ်ကြောင်း သိရပါတယ်။
ဟာနီယာရဲ့ မြေး ၄ ဦးလည်း သေဆုံးခဲ့ရတယ် ဆိုတဲ့ သတင်းတွေအပေါ် အစ္စရေးစစ်တပ်က မှတ်ချက်မပေးခဲ့ပါဘူး။
အစ္စရေးစစ်တပ်နဲ့ ရှင်းဘတ် ထောက်လှမ်းရေးဌာနတို့ ညှိနှိုင်းလုပ်ဆောင်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဟာနီယာရဲ့ သားတွေကို တိုက်ခိုက်ခံရမှု မကြုံခင် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့် တို့ကို အသိပေး တင်ပြထားခြင်း မရှိခဲ့ကြောင်း အစ္စရေးရဲ့ ဝေါလာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Source/Photo-Reuters