Home
မြန်မာသတင်း
ချောင်းဦးကနေအိမ်များကို စစ်တပ်မီးရှို့၊ ပင်လောင်းတွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေး ၁ ဦး သေဆုံး
DVB
·
April 12, 2024
ChaungOoFire_12042024

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ ပွဲရပ်အနောက်ပိုင်း ၂ နေရာက ပြည်သူ့နေအိမ်တွေကို စစ်ကောင်စီတပ်က ဧပြီ ၁၁ ရက် ည ၇ နာရီကျော်လောက်က မီးရှို့ခဲ့တယ်လို့ ချောင်းဦးမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အခုလို စစ်ကာင်စီတပ်က မီးရှို့ခဲ့တာကြောင့် ပြည်သူနေအိမ် ၁၄ လုံးနဲ့ အိမ်အတွင်းပစ္စည်းတွေအားလုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ချောင်းဦးပြည်သူတဦးက “သူတို့ကို PDF ဘက်က ဝင်ပစ်တဲ့အခါတိုင်း မြို့ပေါ်နေတဲ့ ပြည်သူတွေ ဖမ်းဆီးရိုက်နှက်တယ်။ အခု တဆင့်တက်လာတာက အိမ်တွေကိုပါ မီးရှို့လာတယ်။ မီးရှို့ခံရတဲ့ အိမ်ပိုင်ရှင်တွေက ဘယ် PDF မှ မဟုတ်ဘူးနော်။ သူတို့ရှို့ချင်လို့ကို သက်သက်ရှို့သွားတာ။ မြို့ထဲ အခုလို မီးလောင်တာတောင် မီးသတ်ကလာပြီး မီးမငြှိမ်းဘူးရယ်။ ရပ်ကွက်ကပြည်သူတွေ မီးငြှိမ်းလို့ လူနေအိမ် ၁၄ လုံးပဲ မီးလောင်ခဲ့ရတာ။ ဒီအတိုင်း မီးမငြှိမ်းသတ်ဘူးဆိုရင် တမြို့လုံး မီးလောင်နိုင်တယ်။ ဒေသခံတယောက်အနေနဲ့ အပြစ်မဲ့ပြီး မဆိုင်တဲ့ ပြည်သူ့နေအိမ်တွေကို အခုလို မီးရှို့တာကတော့ လုံးဝကျေနပ်မှုမရှိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အခုလို ရပ်ကွက်အတွင်းက ပြည်သူ့နေအိမ်တွေကို မီးမရှို့ခင် ကားနဲ့ မြို့ထဲကို ကင်းပတ်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ အလစ်တိုက်ခိုက်ခံရပြီးနောက် ပြည်သူ့နေအိမ်တွေကို မီးရှို့ခဲ့တာလို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ပင်စုံရွာမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဧပြီ ၁၀ ရက်က ဖယ်ခုံမြို့ရှိ စစ်ကောင်စီ အမြှောက်တပ်ကနေ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးရပါတယ်။

“ကလေးက ၅ နှစ်တောင် မပြည့်သေးဘူး။ အဲဒီ ကလေးက အငယ်ဆုံးပဲ သူတို့အိမ်မှာဆို စိတ်မကောင်းဖြစ်ရတယ်” လို့ ရွာခံအမျိုးသားတဦးက ပြောပါတယ်။

ဒဏ်ရာရရှိခဲ့သူ ၄ ဦးထဲက ၂ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် တောင်ကြီးမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

ပင်လောင်းမြို့နယ် တောင်ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီး အပါအဝင် လေကြောင်းနဲ့ တိုက်ခိုက်နေတာကြောင့် ကျေးရွာ ၂၀ ကျော်မှ အရပ်သား ၂၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013