မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုးရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ဟာ အမေရိကန် လေယာဉ်တင်သင်္ဘောတစင်း ပါဝင်တဲ့ ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားရေတပ်က ဧပြီ ၁၂ ရက်မှာ ပြောပါတယ်။
တောင်ကိုရီးယားနဲ့ ဂျပန်အကြား နိုင်ငံတကာရေပိုင်နက်မှာ စစ်ရေးလေ့ကျင့်မှုကို ဧပြီ ၁၁ ရက်ကစပြီး ၂ ရက်ကြာ ကျင်းပနေတာဖြစ်ပြီး လေယာဉ်တင်သင်္ဘောကြီး သီအိုဒို ရုစ်ဗဲ့လ်ထ်၊ ဖျက်သင်္ဘောတွေဖြစ်ကြတဲ့ ဟောင်းဝါ့ဒ်၊ ရပ်ဆဲလ်နဲ့ ဒယ်နီယယ် အင်နူးယေ တို့အပြင် အာရှ အိမ်နီးချင်းနိုင်ငံတွေက စစ်သင်္ဘောတွေလည်း လိုက်ပါခဲ့ပါတယ်။
၃ နိုင်ငံ စစ်ရေးလေ့ကျင့်မှု ဓာတ်ပုံတွေကို အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ရာမှာ သူတို့ရဲ့ ပေါင်းစပ်စွမ်းရည်ကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ အဲဒီလေ့ကျင့်မှုဟာ မနှစ်ကပြုလုပ်ခဲ့တဲ့ ၃ လမ်းသွား ထိပ်သီးအစည်းအဝေးအပြီးမှာ နှစ်ရှည် ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို လိုက်နာဆောင်ရွက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားရေတပ်က ပြောပါတယ်။
မြောက်ကိုရီးယားဟာ လက်နက်တွေ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့် လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့သီတင်းပတ်က လောင်စာခဲသုံး မြန်နှုန်းမြင့် ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို စမ်းသပ်ခဲ့ပါတယ်။
ဒါ့အပြင် ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ဧပြီ ၁၀ ရက်မှာ ကင်မ်ဂျုံအီလ် စစ်ရေးနဲ့ နိုင်ငံရေး တက္ကသိုလ်ကို သွားရောက်ချိန်အတွင်း မတည်ငြိမ်တဲ့ ပထဝီနိုင်ငံရေး အခြေအနေတွေကို ကိုးကားပြီး အခုအချိန်ဟာ စစ်ပွဲအတွက် အရင်ကထက် ပိုပြင်ဆင်ရမယ့်အချိန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters