အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ချောလက်နဲ့ အမေရိကန် အကူအညီပေးရေးအဖွဲ့ (USAID)ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူး မိုက်ကယ်ရှက်ဖာတို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဒေါ်ဇင်မာအောင်တို့အပါအဝင် NUG အစိုးရ ခေါင်းဆောင်တွေနဲ့ ဧပြီ ၁၁ ရက်က တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ကိုယ်စားပြု ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာဖို့ NUG အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကြိုဆိုတဲ့အကြောင်း ဒဲရက်ချောလက်က ပြောဆိုခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူရုံးက ထုတ်ပြန်ပါတယ်။
ဒီမိုကရေစီရေးထောက်ခံတဲ့ လှုပ်ရှားမှုတွေ၊ လိုအပ်နေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ဖို့နဲ့ မရှိမဖြစ်လိုအပ်တဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ထောက်ပံ့ပေးဖို့၊ ဒေသန္တရအုပ်ချုပ်ရေးစွမ်းရည် တည်ဆောက်ရေး ကြိုးပမ်းမှုတွေအပါအဝင် ဒီမိုကရေစီလှုပ်ရှားမှုအတွက် အမေရိကန်က ပံ့ပိုးကူညီမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က အလေးပေး ပြောကြားခဲ့ပါတယ်။
အဓိကတိုင်းရင်းသားတွေ၊ ဘာသာရေးအဖွဲ့တွေ အထူးသဖြင့် ရိုဟင်ဂျာတွေ အပါအဝင် မြန်မာ့ ဒီမိုကရက်စီ အနာဂတ်အတွက် ကြိုးပမ်းကြသူတွေနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ မိတ်ဖက် တည်ဆောက်ဖို့ NUG အစိုးရရဲ့ ကြိုးပမ်းမှုအပေါ် အမေရိကန်နိုင်ငံခြားရေးအရာရှိက ချီးကျူး ပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်မှုတွေ အမြန်ဆုံး အဆုံးသတ်ရေး စစ်အာဏာရှင်ကို ဖိအားပေးဖို့၊ မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့၊ ပဋိပက္ခချုပ်ငြိမ်းရေး တိုးမြှင့်လုပ်ဆောင်ဖို့၊ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ဒီမိုကရေစီလမ်းကြောင်း တခုဖော်ဆောင်ဖို့ ကိစ္စတွေ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ချောလက်နဲ့ NUG ခေါင်းဆောင်တွေက ထပ်လောင်းပြောဆိုသွားပါတယ်။
မတ် ၂၉ ရက်ကလည်း ဖက်ဒရယ် ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ K3C တိုင်းရင်းသား မဟာမိတ်အဖွဲ့ခေါင်းဆောင်တွေနဲ့ ဒဲရက်လက်တို့ တွေ့ဆုံပြီး လိုအပ်နေတဲ့သူတွေထံ အကူအညီတွေ တိုးချဲ့ပေးဖို့နဲ့ မြန်မာလူထုအတွက် ပိုကောင်းတဲ့ အနာဂတ်ကို လုံခြုံမှုရှိစေဖို့ နိုင်ငံတကာရဲ့ လုပ်ဆောင်ချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
PHOTO- US STATE DEPARTMENT