Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် သင်္ကြန်ရေကစားစရာပစ္စည်းများ အရောင်းပါး 
DVB
·
April 12, 2024
water 1242024

မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလ နီးကပ်လာပေမဲ့ ဧရာဝတီတိုင်းမှာ သင်္ကြန်ရေကစားစရာ ပစ္စည်းတွေ အရောင်းအဝယ် မရှိသလောက် ဖြစ်နေတယ်လို့ သင်္ကြန်ရေကစားပစ္စည်း အရောင်းဆိုင် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာမသိမ်းခင် ကိုဗစ်ရောဂါဖြစ်ပွားတဲ့နှစ်က သင်္ကြန်ကျင်းပခွင့် ပိတ်ထားပေမဲ့ သင်္ကြန်ကစားစရာပစ္စည်းတွေ အရောင်းအဝယ်ရှိခဲ့ပြီး စစ်တပ် အာဏာသိမ်း ပြီးနောက် အခုနှစ်မှာ အရောင်းအဝယ် မရှိသလောက် ဖြစ်နေတာလို့ ပုသိမ်မြို့က သင်္ကြန်ရေ ကစားပစ္စည်း အရောင်းဆိုင်ရှင်တဦးက ပြောပါတယ်။

“ဟိုးအရင်နှစ်တွေကတော့ ဒီအချိန်ဆို အရမ်းရောင်းရတဲ့အချိန် ဟုတ်တယ်။ ကိုဗစ်ရောဂါကြောင့် သင်္ကြန်တွေ မစည်ကားပေမဲ့ အထိုက်အတန် ရောင်းရပါတယ်။ အိမ်တွင်းသင်္ကြန်ပုံစံမျိုး ကလေး တွေကို ရောင်းရတယ်လေ။ ဒီနှစ်ကတော့ နိုင်ငံရေး အခြေအနေနဲ့ ကျပ်တည်းမှုတွေ ကြောင့်လို့ ပြောရမယ်၊ ရောင်းအားကတော့ မြင်တဲ့အတိုင်းပဲ။”

သင်္ကြန်ကစားစရာပစ္စည်းအများစုကို တရုတ်နိုင်ငံဘက်က ရန်ကုန်ကို တင်သွင်းရောင်းချပြီး ရန်ကုန်ကတဆင့် ဧရာဝတီတိုင်းထဲကို တင်သွင်းတာဖြစ်ကာ လက်ရှိ တရုတ်-မြန်မာ နယ်စပ်မှာ မတည်မငြိမ်ဖြစ်တာနဲ့ ပြည်တွင်း နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ရေကစားပစ္စည်းအသစ် တွေလည်း ဝင်ရောက်နိုင်ခြင်း မရှိဘူးလို့ မအူပင်မြို့ရှိ အရောင်းဆိုင် လုပ်ငန်းရှင်တွေက ဆိုပါတယ်။

မအူပင်မြို့မှ သင်္ကြန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တဦးက “လက်ကျန်ရေပြွတ်တွေတောင် ဝယ်သူမရှိဘူး။ သင်္ကြန်ကို သိပ်အားမပေးသလို ဖြစ်တာပေါ့။ ပစ္စည်းတွေလည်း အသစ်မရောက်ဘူး။ တရုတ်လမ်းက ပိတ်ထားတော့ လက်ကျန်လေးပဲရှိတယ်။ ထပ်မှာယူဖို့လည်း အစီအစဉ်မရှိဘူး” လို့ ပြောပါတယ်။

အရင်က သင်္ကြန်ကာလတွေမှာ နယ်မြို့တွေနဲ့ ကျေးရွာတွေအထိ ဖြန့်ဝေရောင်းချခဲ့ရပေမဲ့ အခုနှစ်မှာ နယ်ကမှာယူပြီး တဆင့်ရောင်းချတာမျိုးလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှ စတိုးဆိုင်ဖွင့်လှစ်ရောင်းချသူ အမျိုးသမီးတဦးက “အရင်ကတော့ ရောင်းတာပေါ့နော်။ အရင်ကဆို အခုလိုအချိန် (ရောင်းအားကောင်းလွန်းလို့) ထမင်းတောင် စားလို့မအားဘူး။ အခုကတော့ တော်တော်နည်းဆို ဒီနှစ်က လာကိုမမေးကြတော့တာ၊ အဲဒီအတွက် တင်မရောင်းဖြစ်တော့ဘူး” လို့ ပြောပါတယ်။

အခုနှစ်မှာ သင်္ကြန်ပစ္စည်းအသစ် ဝယ်ယူထားခြင်းမရှိဘဲ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဝယ်ယူထားတဲ့ ပစ္စည်းတွေကိုသာ ရောင်းချနေတာဖြစ်ပေမဲ့ မရောင်းရဘဲ ရန်ကုန်က ဖောက်သည်အဖြစ် မှာယူနေတဆိုင်တွေကို ပြန်သွင်းနေရတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ အရင်က သင်္ကြန်နားနီးရင် ကျေးလက်က ဈေးဆိုင်တွေမှာ သင်္ကြန်ပစ္စည်း ဝယ်ယူသူတွေနဲ့ စည်ကားနေတာကို တွေ့ရပြီး အခုနှစ်မှာ အတာအိုးတမျိုးသာ ရောင်းချတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ အာဏာသိမ်းမှု ဂယက်တို့ကြောင့် ဆက်တိုက်မကျင်းပနိုင်ခဲ့တဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေပြီး တိုင်းမြို့တော်ဖြစ်တဲ့ ပုသိမ်မှာ ရေကစားမဏ္ဍပ် ၆ ခုထက်မနည်း တည်ဆောက်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013