စစ်တပ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း မလုံခြုံမှုတွေ၊ စစ်ရေးပဋိပက္ခနဲ့ ဆိုးရွားတဲ့ စီးပွားရေး အကျပ်အတည်းတွေကြောင့် မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု နှုန်းမြင့်တက်လာပြီး လူလတ်တန်းစားအရေအတွက် ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းလာတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဥ် (UNDP) က ထုတ်ပြန်ပါတယ်။
"ဆင်းရဲမွဲတေမှုနှင့် မြန်မာအိမ်ထောင်စု စီးပွားရေး-ပျောက်ဆုံးနေသော လူလတ်တန်းစားတခု" ခေါင်းစဉ်နဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေနဲ့ လေးနက်တဲ့ အကျိုးသက်ရောက်မှုတွေကို ဖော်ပြထားတာပါ။
မြန်မာ့လူဦးရေရဲ့ ၇၆ ရာခိုင်နှုန်းဟာ အနိမ့်ဆုံးအဆင့် စားဝတ်နေရေး အခြေအနေအောက်မှာ နေထိုင်နေရပြီး ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၀၁၇ ခုနှစ်မှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်း ရှိရာကနေ ၂၀၂၃ ခုနှစ်မှာတော့ ၄၉ ဒသမ ၇ ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး တိုးလာခဲ့ကာ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေလည်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
UNDP ရဲ့ အကြီးအကဲတယောက်ဖြစ်တဲ့ အာခင်းစတိန်နာက “အချက်အလက်သစ်တွေ အရ မြန်မာနိုင်ငံလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းအောက်သာ ဆင်းရဲမွဲတေမှုမျဉ်းအထက်မှာ နေထိုင်နိုင်ဖို့အတွက် တည်ငြိမ်တဲ့ ၀င်ငွေရရှိနေတာ ဖြစ်ပါတယ်။ ငွေကြေးလွှဲပြောင်းမှု၊ စားနပ်ရိက္ခာဖူလုံမှုနဲ့ အခြေခံဝန်ဆောင်မှုတွေ လက်လှမ်းမီရရှိနိုင်ဖို့ သက်ဆိုင်ရာက ချက်ချင်းမလုပ်ဆောင်နိုင်ဘူးဆိုရင်တော့ ဒီအားနည်းချက်က ဆက်လက်ကြီးထွားလာမှာ ဖြစ်ပြီး ဒီ သက်ရောက်မှုကို မျိုးဆက်တွေ တောက်လျှောက် ခံစားရလိမ့်မယ်”လို့ သတိ ပေးလိုက်ပါတယ်။
ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံတဝန်းက အိမ်ထောင်စုပေါင်း ၁၂,၀၀၀ ကို စစ်တမ်း ကောက်ခံပြီး ရလာတဲ့ အချက်အလက်တွေကို အခြေခံတွက်ထုတ်ထားတာဖြစ်ပြီး မိသားစုတွေနဲ့ အိမ်ထောင်စုအများစုအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးကုန် ကျစရိတ်တွေကို ဖြတ်တောက်တာ၊ အစားလျှော့စားတာ၊ ငွေစုတာ၊ ချေးငှားတာတွေလို အမျိုးမျိုးသော၊ ရေရှည်မတည်တံ့နိုင်တဲ့ ကိုင်တွယ်ဖြေရှင်းတဲ့ ယန္တရားတွေအပေါ် မှီခိုနေရကြောင်း တွေ့ရှိရတယ်လို့ UNDP အစီရင်ခံစာက ဆိုပါတယ်။
ဒါ့အပြင် အကျပ်အတည်းရဲ့ ပြင်းထန်မှုဟာ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ နေထိုင်ကြသူတွေအပေါ် အချိုးမညီမျှစွာ သက်ရောက်နေပြီး အမျိုးသမီးတွေ ဦးစီးတဲ့ အိမ်ထောင်စုတွေက ဆင်းရဲမွဲတေမှုအချိုးမှာ အမျိုးသားတွေ ဦးဆောင်တဲ့ အိမ်ထောင်စုတွေထက် ၁ ဒသမ ၂ ဆ ပိုမိုများပြားနေတယ်လို့ ဆိုပါတယ်။
ဆင်းရဲမွဲတေမှုနဲ့အတူ ပညာရေးအတွက် အသုံးစရိတ်တွေပါ မြင့်တက်လာတာကြောင့် ဝင်ငွေနည်းအိမ်ထောင်စုတွေဟာ သူတို့ဝင်ငွေအရင်းအမြစ်တွေရဲ့ ၂ ရာခိုင်နှုန်းကိုသာ ကျောင်းပညာရေးအတွက် ခွဲဝေပေးနိုင်တာကိုလည်း တွေ့ရှိရပြီးတော့ မြန်မာနိုင်ငံက ကလေးသူငယ်တွေရဲ့ ထက်ဝက်ကျော်ဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်နေထိုင်နေရတာကြောင့် အကျပ်အတည်းဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ခြိမ်းခြောက်ကာ မျိုးဆက်တွေ အတွက် စွမ်းဆောင်နိုင်မှုအပေါ် သက်ရောက်မှုရှိနေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ပြည်တွင်းဒေသတွင်း ကွာဟမှုတွေကလည်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ပိုမိုဆိုးရွားစေပြီးတော့ အိုးအိမ်တွေပျက်စီးတာ၊ လယ်ယာမြေတွေဝင်ရောက်ခွင့် ကန့်သတ်တာတွေအပြင် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေ တိုးပွားတာတာတွေလို အကြောင်းရင်းတွေကြောင့်လည်း ဆင်းရဲနွမ်းပါးမှု မြင့်တက်လာတာကို ပြသနေတယ်လို့ လည်း ဆိုပါတယ်။
တဦးချင်းဝင်ငွေ အနိမ့်ဆုံး ဒေသတွေအနေနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေဖြစ်တဲ့ ကယား ပြည်နယ်မှာ ၆၇ ရာခိုင်နှုန်း၊ ချင်းပြည်နယ်မှာ ၆၃ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းမှာ ၅၇ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်နေပြီး ခုအခါမှာတော့ ဆင်းရဲမွဲတေမှုဟာ မြို့ပြဒေသတွေဆီ ပျံ့နှံ့သွားပြီး တချိန်က လူချမ်းသာတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးဒေသတွေကိုပါ ထိခိုက်စေခဲ့ကာ ၇၅ ရာခိုင်နှုန်း လောက်ဟာ အဆိုးမြင် ရေတိုဖြေရှင်းရေးယန္တရားကို အသုံးချကာ ရုန်းကန်နေကြရ တယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။
PHOTO-DVB