Home
မြန်မာသတင်း
ကျိုက်မရော၌ စစ်တပ်ဗုံးကြဲမှုကြောင့် မွန်ရဲဘော် ၂ ဦးကျဆုံးပြီး ၆ ဦးဒဏ်ရာရ
DVB
·
April 11, 2024
bomb 1142024
bomb 3 112024
bomb 2 112024
bomb 1 1142024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာ အနီးတဝိုက်ကို ဧပြီ ၈ ရက်နဲ့ ၉ ရက်တို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဓမ္မသရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဧပြီ ၈ ရက် ည ၉ နာရီလောက်က ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) အဖွဲ့မှ ရဲဘော် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဓမ္မသရွာခံတဦးက “ဘုန်းကြီးကျောင်းကို ဗုံးကြဲသွားတာ ရဲဘော် ၂ ဦး ကျသွားတယ်။ ဘုန်ကြီးကျောင်းလည်း မီး‌လောင်ပြီး လုံးဝပျက်စီးသွားတယ်။ အနားမှာရှိတဲ့ ဘုရားတွေကော စေတီတွေပါ ထိပြီး ပျက်စီးသွားတယ်။ အခုလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်” လို့ ပြောပါတယ်။

ဧပြီ ၉ ရက် မနက် ၁၀ နာရီမှာ ဓမ္မသရွာကို စစ်ကောင်စီ‌တပ်အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး Mi35 နဲ့ ၄ ကြိမ်တိတိ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဂဠုန်စစ်ကြောင်းမှ ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီလည်း ထိခိုက်မှုရှိပေမဲ့ အတိအကျ မသိဘူးလို့ ဂဠုန်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

လေကြောင်းနဲ့ တိုက်ခိုက်မှုကြောင့် မွန်ပြည်သစ်ပါတီ AD နဲ့ ဂဠုန်စစ်ကြောင်းတို့မှ ရဲဘော်တွေ ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်နဲ့ ဂဠန်စစ်ကြောင်း ပြန်ကြား‌ရေးတို့က အ‌တည်ပြုပေးခဲ့ပါတယ်။

ကျိုက်မရောမြို့နယ်၊ တရာနာကျေးရွာနဲ့ ကျွန်းကုန်းကျေးရွာတို့ကို ဧပြီ ၉ ရက် ညနေ ၃ နာရီခွဲက လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၇ နှစ်အရွယ် မောင်တိုးတက်ဦးနဲ့ အသက် ၁၆ နှစ်အရွယ် မဖူးဖူးဇော်ဝမ်းတို့ ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ဖက်ဒရယ်ကောင်စီ လူသားချင်းစာနာနဲ့ ကယ်ဆယ်ရေးဌာနမှူး မိဆုတဂျိုက ပြောပါတယ်။

“စစ်ကောင်စီ လေကြေင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လို့ ကလေး ၂ ယောက် ဒဏ်ရာရတယ်။ တဦးကတော့ စိုးရိမ်ရပါတယ်။ မွန်ဖက်ဒရယ်ကောင်စီက ကလေးမိသားစုနဲ့ ဆက်သွယ်ပြီး ထောက်ပံ့ဖို့ ဆောင်ရွက်နေပါတယ်။”

ကျိုက်မရောမြို့ရှိ ကျေးရွာတွေကို ဒီနေ့အထိ မော်လမြိုင် အတ္တရံမြစ်ဝ (ငန်းတေးချောင်း) နေ မောရဝတီ ရေတပ်ဌာနချုပ် သင်္ဘာ ၂ စီးက ဆက်တိုက်ပစ်ခတ်နေသလို အရှေ့တိုင်းစစ်ဌာနချုပ်ကလည်း လက်နက်ကြီးများနဲ့ ပစ်ခတ်နေပါတယ်။

စစ်ကောင်စီလက်နက်ကြီးကြောင့် ကျိုက်မရောမြို့နယ်အတွင်းက ပြည်သူ ၅၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်ဦးရေ ၁ သိန်းထိ တိုးလာနိုင်တယ်လို့ မွန်ဖက်ဒရယ်ကောင်စီကနေ သိရပါတယ်။

ပုံ-ဂဠုန်စစ်ကြောင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024