ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တွေကို ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်ပျံသန်းခွင့်ပြုမှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်က ပြောလိုက်ပါတယ်။
လတ်တလော ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေပြီး တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေချိန်မှာ ထိုင်းဝန်ကြီးချုပ်က ဒီနေ့မနက် အခမ်းအနားတခုကို ရောက်လာစဉ် မြဝတီနယ်စပ်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ခုလိုဖြေကြားခဲ့တာပါ။
ထိုင်းနိုင်ငံအနေနဲ့ F-16 လေယာဉ်တွေ အသုံးပြုပြီး ပိုင်နက်လုံခြုံရေး ထောက်လှမ်းတာတွေ ပြုလုပ်မှာလားလို့ သတင်းထောက်တွေက မေးရာမှာ ဝန်ကြီးချုပ်က မလိုအပ်ကြောင်း၊ ထိုင်းမှာရှိတဲ့ တခြားထောက်လှမ်းရေးကိရိယာတွေ ရှိသေးတယ်၊ ဘာပဲလုပ်လုပ် အထူးသတိထားရမယ်၊ အိမ်နီးနားချင်းနိုင်ငံ အချင်းချင်းမို့ တင်းမာမှုတွေ မဖြစ်စေချင်ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် အရင်တခါကလို မြန်မာတိုက်လေယာဉ်တွေ ပျံဝဲခွင့်ပြုဦးမှာလားလို့ သတင်းထောက်က ဆက်မေးရာမှာ ဝန်ကြီးချုပ်က မရဘူး၊ အမိန့်ပေး (ဟန့်တား) ရလိမ့်မယ်လို့ ဖြေပါတယ်။
မြန်မာဘက်ခြမ်းက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကြားမှာ ရှင်းလင်းစွာ ဆက်သွယ်အကြောင်းကြားဖို့၊ မလိုလားအပ်ဘဲ အချက်အလက်တွေ ပေါက်ကြားမှုမဖြစ်ဖို့၊ မြန်မာဘက်က တိုက်ပွဲတွေဟာ သူတို့နိုင်ငံရဲ့ အတွင်းရေးဖြစ်တယ်၊ တိုက်ခိုက်မှုတွေမှာ ထိုင်းပိုင်နက်ကိုတော့ လုံးဝ အသုံးပြုခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ စစ်ဘေးရှောင်တသိန်းထိ လက်ခံမယ်လို့ ပြောထားတာ ရှိတယ်၊ အခုက တသိန်းထက်ကျော်လောက်ပြီ။ လက်ခံနိုင်တဲ့ အရေအတွက် တိုးမြှင့်မှာလားလို့ မေးရာမှာ “အခြေအနေပေါ်မူတည်ပြီး ဆွေးနွေးတိုင်ပင်ရမှာပေါ့။ လက်ရှိ မြဝတီအခြေအနေက အိုကေနေဆဲပါ” လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။
Source: Matchon/Photo- Srettha Thavisin Facebook