Home
မြန်မာသတင်း
ထိုင်းအကူအညီ မြန်မာပြည်သူများထံရောက်ရန် မြေပြင်အဖွဲ့များနှင့် ချိတ်ဆက်သင့်ဟု အရပ်ဘက်အဖွဲ့များ တိုက်တွန်း 
DVB
·
April 10, 2024
20150223-myanmar-convoy-attacks-Main-1

ထိုင်းအစိုးရက မြန်မာနိုင်ငံအတွက် ပေးနေတဲ့ လူသားချင်းစာနာ အကူအညီတွေ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းပေးနေတာကို ကန့်ကွက်ပြီး ပြည်သူလူထု ယုံကြည်တဲ့ ဒေသန္တရအဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၆ ရက်က ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်က စစ်ရှောင်တွေကို လှူဒါန်းပစ္စည်းတွေ ပေးအပ်နေချိန် မြန်မာစစ်တပ်က တိုက်လေယာဉ်တစီး ခြိမ်းခြောက် ပျံသန်းခဲ့တဲ့အတွက် စစ်ရှောင်တွေ ထိတ်လန့်ထွက်ပြေးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်သူလူထုအပေါ် ထိရောက်တဲ့ လူသားချင်းစာနာ အကူအညီပေးနိုင်ဖို့ ကရင်နဲ့ ကရင်နီပြည်နယ်တို့မှာရှိတဲ့ ဒေသန္တရ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သင့်တယ်လို့ Progressive voice တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

“ကျမတို့ လူသားစာနာ အကူအညီ ဝေတယ်ဆိုတာက လူသားစာနာ အကူအညီ အလုပ်ကို လုပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက လုပ်ပေးရတာ။ အဲ့လို လုပ်ဖို့အတွက် ကရင်၊ ကရင်နီမှာ အင်မတန်မှ ကျွမ်းကျင်တဲ့ ပြည်သူလူထု ယုံကြည်စိတ်ချ အားကိုးတဲ့အဖွဲ့တွေ ကရင်မှာလည်း ရှိတယ်၊ ကရင်နီမှာလည်း ရှိတယ်၊ အများကြီးပဲ။ သူတို့သည် ဒီအလုပ်ကို သူတို့အသက်ကို စွန့်ပြီး ဆက်တိုက် လုပ်နေတာဖြစ်တယ်။ ဒါကြောင့်မို့လို့ ထိုင်းဘက်က ဆက်ပေးမယ့် အကူအညီတွေကို KNU, IEC ကရင်နီနဲ့ သဘောတူ စာချုပ်ကို တရားဝင်ချုပ်၊ သဘောတူစာချုပ် MoU လက်မှတ်ထိုး။ ပြီးရင် ထိုင်းကြက်ခြေနီနဲ့ ထိုင်းအရပ်ဘက် အဖွဲ့အစည်းတွေက ကရင်၊ ကရင်နီမှာရှိတဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ရင် ဒုက္ခရောက်တဲ့လူတွေက အကူအညီရရင် ချက်ချင်း မြန်မြန်ဆန်ဆန် ရမယ်။ လုံလုံခြုံခြုံရမယ်။”

ပြီးခဲ့တဲ့ မတ် ၂၅ ရက်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အမှတ်-၂ ချစ်ကြည်ရေးတံတားကနေ ထိုင်းကြက်ခြေနီအသင်းကတဆင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ထောက်ပံ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပါဝင်တဲ့ အိတ် ၄၀၀၀ လောက်ကို ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေတွေဖြစ်တဲ့ ကရင်ပြည်နယ်ထဲက နဘူး၊ ပိုင်ကျုံ နဲ့ ဒုံရင်း (သာမည) စတဲ့ ဒေသသုံးခုကို လူ ၂၀,၀၀၀ စာအတွက် ပေးအပ်ခဲ့တယ်လို့ ထိုင်းအစိုးရက ဆိုပါတယ်။

ထိုင်းအစိုးရအနေနဲ့ လူသားစာနာ အကူအညီမှာ နယ်စပ်ဖြတ်ကျော်မှုကိုလည်း ကူညီပေးဖို့နဲ့ ပြည်သူက လက်ခံတဲ့ မြေပြင်အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အမျိုးသားညီညွှတ်ရေး အစိုးရအဖွဲ့၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက အကြံပြု ပြောပါတယ်။

“ကျနော်တို့က နယ်စပ်ဖြတ်ကျော်မှု ကူညီမှုကို တောင်းဆိုတယ်။ ဒါပေမဲ့ နယ်စပ်ဖြတ်ကျော်တဲ့ နေရာမှာ ခုနက လူသားချင်းစာနာမှု အကူအညီတွေကို တကယ့် ထိထိရောက်ရောက်နဲ့ လိုအပ်တဲ့ ပြည်သူတွေဆီ လုံးဝရရှိဖို့ နည်းလမ်းကို ရှာသင့်ပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဆိုတာ ကမ္ဘာက သတ်မှတ်ထားတဲ့ ICRC အသင်းလို မဟုတ်ပါဘူး။ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်မှာ ယူနီဖောင်းပြောင်းပြီး မူဝါဒ ဖော်ဆောင်နေတာဖြစ်တယ်။ အဲ့တော့ ကြက်ခြေနီဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုပ်ဆောင်နေတဲ့ အဖွဲ့တွေက တကယ်ရော လူသားချင်း စာနာမှု အကူအညီတွေ ထိထိရောက်ရောက် လုပ်ဆောင်ရဲ့လား။ ပြည်သူလူထုကရော တကယ်တမ်း ယုံကြည်လက်ခံနေရဲ့လား ဒါကို စဉ်းစားဖို့ လိုအပ်တယ်။ အဲဒီအစား နယ်မြေဒေသအတွင်းမှာ ပြည်သူလူထုက လက်ခံတဲ့ အခြားအဖွဲ့တွေနဲ့ ထိထိရောက်ရောက် လုပ်ဆောင်ရင် ပိုမို အားကောင်းမယ်လို့ အကြံပြုပါတယ်။”

ကုလသမဂ္ဂအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူပေါင်း ၃ သန်းလောက် ထွက်ပြေး တိမ်းရှောင်နေရပြီး သူတို့အတွက် စားနပ်ရိက္ခာနဲ့ အထောက်အပံ့တွေကို မြေပြင်အဖွဲ့တွေဆီ ပူးပေါင်းကူညီကြဖို့လည်း မဲဆောက်အခြေစိုက် New Myanmar Foundation မှ ဒေါက်တာ စန်းအောင်က ပြောပါတယ်။

“ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာကိုက မြန်မာနိုင်ငံမှာ လူ ၃ သန်းလောက် IDP (Internally Displaced) ထွက်ပြေးတိမ်းရှောင်နေရတယ်။ သူတို့မှာ အခက်အခဲရှိတယ်။ ရိက္ခာပြတ်တယ်။ အကုန်လုံးမှာ အစားအသောက် ငတ်ပြတ်တယ်ပေါ့နော်။ အဲဒါကို နိုင်ငံတကာက ကူဖို့ သင့်တယ်။ ဝိုင်းပြီးတော့ ကူကြပါ။ ကျနော်တို့ အဲ့အခါမှာလည်း စစ်တပ်ကနေ တဆင့်ဆို ဘယ်လိုမှ မရောက်နိုင်ဘူး။ အဲ့အတွက် ကျနော်တို့ အနေနဲ့လည်း တာဝန်ယူပေးနိုင်တယ်။ ကျနော်တို့လို တာဝန်ယူပေးနိုင်တဲ့ အဖွဲ့အစည်းတွေလည်း အများကြီးရှိတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ သိက္ခာရှိတဲ့ အဖွဲ့တွေ၊ ပြည်တွင်းမှာရှိတဲ့ ဒုက္ခသည်တွေ၊ ပြည်ပမှာရှိတဲ့ ဒုက္ခသည်တွေကို ကူနေကြတယ်။ ကူညီကြဖို့လည်း အင်တိုက်အားတိုက် တောင်းဆိုတယ်။”

တနိုင်ငံလုံး အနေအထားအရ လူသားစာနာ အကူအညီတွေ လိုအပ်တဲ့ လူပေါင်း ၁၈ ဒသမ ၆ သန်း ရှိလာပြီး အရေးပေါ်ကူညီဖို့ လိုအပ်တဲ့ လူပေါင်း ၅ ဒသမ ၃ သန်းရှိနေတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်လာကြမယ့် စစ်ဘေးဒုက္ခသည် ၁ သိန်းလောက်ကို ယာယီလက်ခံဖို့ ပြင်ဆင်ထားတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၉ ရက်မှာ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။ 

ဇွဲသစ်  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013