Home
မြန်မာသတင်း
ဖားကန့်တိုက်ပွဲတွင် စစ်တပ်က လေကြောင်းမှဗုံးကြဲ၊ ကျေးရွာတရွာလုံးနီးပါး မီးလောင်ပျက်စီး
DVB
·
April 10, 2024
phar 1042024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာမှာ ဧပြီ ၉ ရက် မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်တပ်မတော် (KIA) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ရှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ကြောင်း သိရပါတယ်။

မြစ်ကြီးနား-ဖားကန့် လမ်းပေါ်က နန့်ယား စစ်ကောင်စီတပ်စခန်းကို KIA က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာတရွာလုံးနီးပါး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “မနက် ၅ နာရီလောက်က KIA က နန့်ယားစခန်းကို ဝင်တိုက်တာ။  လက်နက်ကြီးတွေနဲ့လည်း တောက်လျှောက်ပစ်တယ်။ လေယာဉ်နဲ့လည်း ဗုံးကြဲတာ ရှစ်ကြိမ်လောက်ရှိပြီ။ တရွာလုံးနီးပါးကတော့ မီးလောင်ပျက်စီးနေပြီ။ ည ၇ နာရီလောက်ထိကို တိုက်ပွဲပြင်းထန်နေတုန်းပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KIAတို့ တိုက်ပွဲဖြစ်နိုင်ခြေရှိတာကြောင့် နန့်ယားကျေးရွာ၊ ကပ်မှော်ဇွပ်ကျေးရွာ၊ ဆိုင်းဖရာကျေးရွာက ဒေသခံပြည်သူတွေဟာ မတ်လကုန်ခန့်ကစပြီး ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

တိမ်းရှောင်နေတဲ့ ဒေသခံအမျိုးသားတဦးက “တချို့တွေကလည်း တိုက်ပွဲဖြစ်လာနိုင်ခြေ ရှိကတည်းက ရှောင်သွားကြတယ်။ တချို့ကတော့ ရွာမှာ အိမ်စောင့်လောက်ပဲထားပြီး ရှောင်နေကြတာ။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကျေးရွာကနေ ရှောင်နေဖို့ KIA က ပြောတာတွေရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း မြစ်ကြီးနား-ဖားကန့်လမ်းမှာရှိတဲ့ နန့်တိန်ကေးရွာက စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းပိုက်ပြီးနောက် မတ် ၇ ရက်က စတင်ပြီး မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီ စခန်း ၆၀ ကျော်ကို KIA က သိမ်းပိုက်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013