Home
မြန်မာသတင်း
ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၈ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရ
DVB
·
April 10, 2024
kyeik 1042024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးမှာ ဧပြီ ၉ ရက်က စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားရှစ်ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ပြောပါတယ်။

ပဲခူးမြို့ကနေ မော်လမြိုင်ဘက်ကိုသွားမယ့် စစ်ကောင်စီကား ၁၈ စီး ယာဉ်တန်းကို ဧပြီ ၉ ရက် မနက် ၈ နာရီကျော်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီကားသုံးစီး ပျက်စီးခဲ့ပြီး စစ်သားရှစ်ဦး သေဆုံးကာ အရာရှိနှစ်ဦး အပါအဝင် ၂၁ ဦး ဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။

KRF ပြန်ကြားရေးတာဝန်ခံက “ပဲခူးကနေ မော်လမြိုင်ဘက်ကို ယာဉ်တန်းအများကြီး ဖြတ်မယ်ဆိုပြီး သတင်းကြိုရလို့ စောင့်ပြီးတိုက်ခိုက်ခဲ့တာပါ။ အပြန်အလှန် နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားရှစ်ဦးသေတယ်။ ကျနော်တို့ဘက်က ရဲဘော်တဦး ကျဆုံးခဲ့တယ်။ သူ့အလောင်းတော့ ပြန်မရခဲ့ပါဘူး၊ စစ်သားတွေ ယူသွားပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း တနာရီကျော် လမ်းပိတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ KNU/KNLA၊ ကဝ-ပကဖ၊ ABSDF နဲ့ ကျိုက်ထိုပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

လက်ပံပင်သင်္ချိုင်းကုန်းရှေ့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ခိုအောင်းနေထိုင်နေတဲ့ ‌အိမ်တအိမ်ကိုလည်း နေ့လယ် ၁၂ နာရီခွဲမှာ KRF NightHawks က ဒရုန်းနဲ့ ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့သလို PDF ခရမ်း အဖွဲ့ကလည်း ဒရုန်နဲ့ ဗုံးသီးသုံးလုံးချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို မသိရသေးဘူးလို့ KRF က ထုတ်ပြန်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024