မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ DSA စစ်တက္ကသိုလ် ပစ်ခတ်ခံရပြီးနောက် ပြင်ဦးလွင်မြို့အတွင်းနဲ့ မြို့အဝင်အထွက်ဂိတ်တွေမှာ စစ်ဆေးရေး ပိုတင်းကျပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၈ ရက် မနက်အစောပိုင်းမှာ ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ်ကို မန္တလေးတိုင်း ပကဖ အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှုကြောင့် စစ်တက္ကသိုလ်ဝန်းထဲက တပ်သားတွေနေထိုင်တဲ့ အဆောင်နားကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ DVB အနေနဲ့တော့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။
ပစ်ခတ်တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီက စစ်ဆေးရေး ပိုတင်းကျပ်လာပြီး ကင်းလှည့်တာတွေလည်း အရင်ထက် ပိုလုပ်လာတာကို တွေ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အဓိကကတော့ မြို့အဝင်အထွက်ဂိတ်တွေကို သေချာကို စစ်နေကြတယ်။ မြို့ထဲမှာဆိုရင် အရင်က ဂိတ်တွေထားထားပေမဲ့ ဒီတိုင်းဖြတ်သွားလို့ရတယ်။ အခုတော့ အကုန်စစ်တယ်။ ဆိုင်ကယ်တွေလည်း တားစစ်တယ်။ ကင်းပုန်းတွေလည်း နေရာတိုင်း ချထားတာကို တွေ့ရတယ်လို့။ ပိုပြီးကျပ်လာတာပေါ့။”
ဒီမတိုင်ခင်ကလည်း နေပြည်တော်ရှိ စစ်ကောင်စီ စစ်ရုံးချုပ်နဲ့ အေလာလေတပ်တို့ကို ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။