Home
မြန်မာသတင်း
ပခုက္ကူနှင့်သထုံမှ စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်ဖြင့် အလင်းဝင်
DVB
·
April 10, 2024
435462587_1770476090108545_5280135699790507377_n

မကွေးတိုင်း ပခုက္ကူမြို့အခြေစိုက် ခမရ-၂၅၂ က စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နဲ့တကွ ရေသကြိုအခြေစိုက် Southern YSO PDF တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ Southern YSO PDFက ဧပြီ ၁၀ ရက်မှ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သား ၂ ဦးကို ဧပြီ ၅ ရက်နေ့မှာ ပခုက္ကူခမရ- ၂၅၂ တပ်ကနေ သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာသူတွေဟာ အသက် ၂၀ အရွယ် တပ်သား အောင်ဆန်းလင်းနဲ့ အသက် ၁၈ နှစ် အရွယ် အောင်သက်ပိုင်တို့ဖြစ်ပြီး သူတို့နဲ့အတူ MA1 သေနတ်တလက်၊ ကျည် ၂၅ တောင့်နဲ့ ကျည်ဘောက်တခု ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ဆီကို လိုင်းကနေ တဆင့်ဆက်သွယ်လာတာပေါ့၊ သူတို့က မဖြစ်မနေ စစ်မှုထမ်း ရမယ်ဆိုတဲ့ အနေအထားနဲ့ ဖိအားတခုနဲ့ စစ်တပ်ထဲရောက်လာတယ်၊ သင်တန်း ၅ လခွဲဆင်းတယ်၊ ပြီးခဲ့တဲ့ ၁ လကျော်က ပခုက္ကူ ၂၅၂ ကိုရောက်တယ်၊ ရောက်ပြီးတာနဲ့ ကျနော်တို့နဲ့ အဆက်အသွယ်ရပြီး ရုန်းထွက်လာခဲ့တာပေါ့” လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။

အလင်းဝင်ရောက်လာသူ ၂ ဦးကို ဆုငွေ ကျပ်သိန်း ၆၀ ချီးမြှင့်ထားပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်းဌာနချုပ် တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ က စစ်သားနှစ်ဦး လက်နက်နဲ့အတူ အလင်းဝင်ခဲ့တယ်လို့ နဂါးဖြူစစ်ကြောင်းက ဧပြီ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ပေါ်တာဆွဲတာခံရပြီး သထုံတပ်မ ၄၄ လက်အောက်ခံ ခမရ ၂ မှာ တာန်ကျနေတဲ့ အသက် ၁၇ နှစ်အရွယ် စစ်ကောင်စီတပ်သားတဦးဟာ မတ် ၂၂ ရက်မှာ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ ၃၊ နဂါးဖြူစစ်ကြောင်းကို ဆက်သွယ်ပြီး MA1 တလက်၊ ကျည်ဘောက်ငါးခု၊ ကျည်အတောင့် ၂၀ တို့နဲ့ အလင်းဝင်ခဲ့ပါတယ်။

ပထမအလင်းဝင်လာတဲ့ တပ်သားရဲ့ ချိတ်ဆက်မှုနဲ့ ဧပြီ ၅ ရက်မှာလည်း တပ်မ ၄၄၊ ခမရ ၂ မှ အသက် ၂၂ အရွယ် စစ်ကောင်စီတပ်သားတဦး နဂါးဖြူစစ်ကြောင်းထံ ထပ်မံ အလင်းဝင်ခဲ့ပါတယ်။

သူနဲ့အတူ G1 သေနတ်တလက်၊ ကျည်ဘောက်ငါးခု၊ ကျည်တောင့် ၃၀၀ နဲ့ လက်ပစ်လုံး သုံးလုံးလည်း ပါဝင်ခဲ့တယ်လို့ နဂါးဖြူစစ်ကြောင်းက ထုတ်ပြန်ခဲ့ပါတယ်။

နဂါးဖြူစစ်ကြောင်း သတင်းမှန်ပြန်ကြားရေးတာဝန်ခံ ကိုဂျပန်ကြီးက “အသက်မပြည့်သေးတဲ့ ကလေးကို ပေါ်တာဆွဲပြီး စစ်ထဲခေါ်သွင်းထားတာ။ ကျနော်တို့အဖွဲ့ကို ဆက်သွယ်ပြီး အလင်းဝင်ချင်တယ်လို့ပြောလို့ လက်ခံခဲ့ပြီး သူကတဆင့် နောက်ထပ်တဦးပါ ထပ်အလင်းဝင်ခဲ့တာပါ။ သူတို့ကို ဆုကြေးချီးမြှင့်ဖို့ NUG ကို စာတင်ထားပါတယ်။ ခုလက်ရှိလည်း ဆုကြေးချီးမြှင့်မှုနဲ့ပတ်သက်ပြီး တပ်ရင်းမှူးတွေနဲ့ NUG လူကြီးတွေ ဆွေးနွေးနေပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း ပြည်သူတွေအပေါ် အမိန့်အတိုင်း ဖိနှိပ်မှုတွေမလုပ်ဘဲ လူ့အခွင့်အရေးနဲ့ အမှားအမှန် ခွဲခြားနာလည်တတ်ပါစေလို့ သူက ဆက်ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို လုံခြုံဘေးကင်းစွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး သူတို့စိတ်ဆန္ဒအတိုင်း ဆက်လုပ်ခွင့်ပြုသွားမယ်လို့ နဂါးဖြူစစ်ကြောင်းက ထုတ်ပြန်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024