Home
နိုင်ငံတကာ
ဂါဇာတွင် အကူအညီပေးရေးလုပ်သားများကို အစ္စရေး တိုက်ခိုက်မှုအပေါ် သမ္မတဘိုင်ဒင် ဝေဖန်
DVB
·
April 10, 2024
U.S. President Biden criticizes Israel's Netanyahu for making a 'mistake'

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ လုပ်ရပ်တွေ၊ အထူးသဖြင့် ဂါဇာမှာ အကူအညီပေးရေး လုပ်သားတွေနဲ့ မော်တော်ယာဉ်တွေကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမှားတွေ ကျူးလွန်နေတဲ့အပေါ် စိုးရိမ်မိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဧပြီ ၉ ရက်က ထုတ်လွှင့်တဲ့ အင်တာဗျူးတခုမှာ ထုတ်ဖော်ပြောကြားသွားပါတယ်။

ယာဉ်တန်းကား သုံးလေးစီးဟာ ကမ်းခြေတလျှောက်မဟုတ်ဘဲ အဝေးပြေးလမ်းမှာ မောင်းနှင်နေတာကို ဒရုန်းတွေနဲ့ ဝင်တိုက်တာက ဒေါသထွက်စရာလို့ ထင်ကြောင်း ဆိုပါတယ်။

ဘိုင်ဒင်က အပစ်အခတ်ရပ်စဲရေးကို အဆိုပြုဖို့နဲ့ ဂါဇာကမ်းမြောင်ဒေသကို လာမယ့် ခြောက်ပတ်မှ ရှစ်ပတ်အတွင်း အစားအသောက်နဲ့ ဆေးဝါးအားလုံးကို အပြည့်အဝ ဝင်ရောက်ခွင့်ပေးဖို့ အစ္စရေးနိုင်ငံကို ပြောပါတယ်။

သူ့အနေနဲ့ ဆော်ဒီကနေ ဂျော်ဒန်၊ အီဂျစ်နိုင်ငံတွေအထိ အဲဒီကလူတွေနဲ့ စကားပြောဆိုထားခဲ့ပြီး အခု သူတို့တွေက ဂါဇာထဲဝင်ပြီး အစားအစာတွေ ပို့ဆောင်ပေးဖို့ ပြင်ဆင်နေကြပြီလို့ ဆိုပါတယ်။

အဲဒီလူတွေကိုလည်း အစားအစာနဲ့ ဆေးဝါးတွေ မထောက်ပံ့ဖို့ အကြောင်းပြချက်မရှိဘဲ အခုကို လုပ်ဆောင်သင့်နေပြီလို့လည်း ဆိုပါတယ်။

လူဦးရေထူထပ်တဲ့ ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်တွေကို ဖျက်ဆီးဖို့ အစ္စရေးစစ်တပ်ရဲ့ ထိုးစစ်ကြောင့် ပါလက်စတိုင်း အရပ်သားသေဆုံးမှု မြင့်မားမှုနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ပေါ်ပေါက်လာမှုအပေါ် အနောက်အင်အားကြီးနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

‌ခြောက်လကြာ ပဋိပက္ခအတွင်း ပါလက်စတိုင်း ၃၃,၂၀၇ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၈ ရက် ထုတ်ပြန်တဲ့ နောက်ဆုံးရသတင်းတရပ်မှာ ဖော်ပြထားပါတယ်။

ဂါဇာဒေသခံ နှစ်သန်းထဲက အများစုမှာ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး အငတ်ဘေးအန္တရာယ်လည်း ရှိနေပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013