Home
မြန်မာသတင်း
လွယ်ဂျယ်မြို့စောင့်တပ်ထံမှ ကျပ်သိန်း ၁၀,၀၀၀ ကျော်သိမ်းဆည်းရမိဟု KIA ပြော
DVB
·
April 10, 2024
lwe 1042024

ကချင်ပြည်နယ် မိုးမောက်မြို့နယ် တရုတ်-မြန်မာနယ်စပ်က လွယ်ဂျယ်မြို့ရှိ မြို့စောင့်တပ် ခလရ ၁၄၂ ကနေ ငွေကျပ် သိန်း ၁၀၀၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ KIA  နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ  သိရပါတယ်။

ခလရ ၁၄၂ ထဲက စစ်ကောင်စီတပ်တွေနဲ့ Non CDM ဝန်ထမ်းတွေ ဧပြီ ၉ ရက်က တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တပ်အတွင်း ဝင်ရောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။

“သူတို့ တပ်ဂိုဒေါင်ထဲက တွေ့တာပါ။ သိန်း ၁၀၀၀၀ ဝန်းကျင်လောက်ရှိမယ် ထင်တယ်။ ဒါတွေကို သယ်ထုတ်သွားဖို့ လုပ်နေတာ ဖြစ်နိုင်တယ်။”

လွယ်ဂျယ်မြို့အတွင်းက ငွေတွေကိုလည်း စစ်ကောင်စီက သယ်ထုတ်ဖို့အတွက် တပ်အတွင်းမှာ အခုလို သိမ်းဆည်းထားတာ ဖြစ်နိုင်ကြောင်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

တရုတ်ဘက်က ပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်ခိုင်းတာကြောင့် လွယ်ဂျယ်တပ်တွင်းမှာ ကျန်ရှိနေတဲ့ စစ်သားတွေကို ဧပြီ ၉ ရက်နေ့မတိုင်မီထွက်ဖို့ KIA က သတိပေးထားပြီးနောက် ဧပြီ ၈ ရက်နေ့ ည ၁၀ နာရီလောက်မှာ တပ်စခန်းတခုလုံးစွန့်ခွာသွားကြတယ်လို့ KIA နဲ့ နီးစပ်သူက ဆက်ပြောပါတယ်။

စစ်အင်အား ၆၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ တရားဝင်နယ်စပ်ဂိတ် ပင်မတံခါးပေါက်ကနေ ထွက်ခွာသွားတာမဟုတ်ဘဲ တခြားထွက်ပေါက်အသေးကနေ ထွက်သွားကြပြီး စစ်ကောင်စီတပ်တွေ ထွက်ခွာသွားပြီးတဲ့နောက် ညတွင်းချင်းမှာပဲ KIA တပ်တွေက လွယ်ဂျယ်တပ်စခန်း ခလရ ၁၄၂ တပ်တွင်းမှာရှိတဲ့ စစ်လက်နက်အားလုံး သယ်ယူသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတပ်စခန်းကို ပြီးခဲ့တဲ့ ၁၉၈၇ ခုနှစ်ကတည်းက လွယ်ဂျယ်မြို့ကို ထိန်းချုပ်ဖို့ အထိုင်ချထားတဲ့ တပ်စခန်းကြီးဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်အကြာမှာ KIA က သိမ်းပိုက်လိုက်တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013