နွေကာလရောက်လာပြီဖြစ်တာကြောင့် ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်ရဲ့ ရပ်ကွက်တွေမှာ သောက်သုံးရေတွေ စတင်ပြတ်လပ်နေပါတယ်။
တွံတေးခရိုင်ထဲမှာပါဝင်တဲ့ ဒလမြို့နယ်က ရပ်ကွက်တွေမှာ ၂၀၂၄ မတ်လနဲ့ ဧပြီလဆန်းပိုင်းကစလို့ ကန်ရေခြောက်ခန်းသွားပြီး သောက်သုံးရေ ပြတ်လပ်နေတာကြောင့် ရေအလှူကားတွေကို အားထားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒလမြို့နယ်ဟာ နွေရာသီတိုင်း သောက်သုံးရေ ပြတ်လပ်လေ့ရှိပြီး မြို့ခံအိမ်ထောင်စု ၈၅ ဒသမ ၄ ရာခိုင်နှုန်းဟာ ရေကန်ကနေ သောက်ရေအဖြစ် သုံးစွဲနေတာပါ။
ရန်ကုန်မြို့ဘက်က အရပ်ဘက်အသင်းတွေနဲ့ အလှူရှင်တွေက စုပေါင်းပြီးတော့ ဧပြီ ၈ ရက်မှာပဲ လူဦးရေ တသောင်းခွဲကျော်ရှိတဲ့ ကျန်စစ်သားရပ်ကွက်ကို ရေကားခုနစ်စီးနဲ့ စတင်ကူညီနေကြပါတယ်။
သောက်ရေနဲ့ သုံးရေ လိုအပ်ချက်ကြောင့် ဈေးဖိုးသုံးစွဲမယ့် အိမ်စရိတ်ထဲကနေ အိမ်အရောက် လာရောင်းတဲ့ ရေစည်တပေပါကို ကျပ် ၁,၃၀၀ ကနေ ကျပ် ၁,၅၀၀ အထိ မဖြစ်မနေ ပေးဝယ်နေရသူတွေ ရှိသလို လျှပ်စစ်မီးပြတ်တောက်တဲ့နေ့တွေမှာ ရေဝယ်လို့ မရတာကြောင့် ဒလကနေ ဆိပ်ကြီးခနောင်တိုမြို့နဲ့ ရွာတွေဘက်အထိ ခေါက်တို ရေသွားသယ်ရသူတွေလည်း ရှိနေတယ်လို့ ဒလမြို့ခံ ကိုထွန်းထွန်း(အမည်လွှဲ) က ပြောပါတယ်။
“သောက်ရေဆိုလို့ရှိရင် တပုံးကို ၇၀၀၊ ရှိတဲ့သူက အကြောင်းမဟုတ်ဘူး။ မရှိတဲ့သူက အဆင်မပြေဘူးပေါ့။ အခုလို လာလှူတော့ သောက်ရေ သုံးရေ ရတဲ့အပေါ်မှာ တဖက်တလမ်းက ဈေးဝယ်တဲ့နေရာမှာ ထည့်သုံးလို့ရမယ်။ ဆန် ဆီ ဆား ငရုတ် ကြက်သွန်ကအစ ဝယ်လို့ရသွားတာပေါ့။ သုံးရေဆို တစည်ကို ၁,၄၀၀၊ မီးမလာတဲ့နေ့ဆို ဝယ်လို့မရဘူး။ မီးလာတဲ့နေ့ဆို လုဝယ်ရတယ်။ တခါတလေကျရင် မရတဲ့ရက်လည်း ရှိတယ်။ ရတဲ့နေရာကို ကိုယ့်ဘာသာ စက်ဘီးနဲ့ သွားသယ်ရတာ။ ဆိပ်ကြီးကန်တို့ ရာဇသင်္ကြန်ကန်တို့ တချို့က ရွာဘက်ကကန်တွေဆိုရင် လူနည်းတော့ မခန်းတဲ့ကန်လေးတွေ ရှိတယ်။ အဲ့မှာ သွားယူပြီး သုံးကြတာပေါ့နော်။ ရန်ကုန်ဘက်က ရေသန့်ကားတွေက ရေသန့်ဘူးတွေ ဝယ်သုံးပေါ့။ ရှိတဲ့အခါလည်း လက်ငင်းပေးတယ်။ မရှိတဲ့အခါလည်း အကြွေးထားပေါ့။”
ဒလမြို့နယ်ဟာ ၂၀၁၄ လူဦးရေစာရင်းအရ ရပ်ကွက် ၂၃ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၂၃ ခုအထိ ရှိနေပြီး အိမ်ထောင်စုပေါင်း ၃၇,၉၀၀ ကျော်၊ လူဦးရေ ကျား မ စုစုပေါင်း ၁၇၂,၀၀၀ ကျော် ရှိပေမဲ့ ရေကောင်းရေသန့်ရရှိမှုက ၇ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိပါတယ်။
ဒလမြို့နယ်တခုလုံးက အဓိကရရှိတဲ့ ရေအရင်းအမြစ်တွေထဲမှာ ရေပိုက်လိုင်း၊ အဝီစိတွင်း၊ ရေတွင်း၊ ရေသန့်ဘူး၊ ရေကန်၊ ချောင်းတူးမြောင်း၊ မိုးရေတို့ ပါဝင်ပေမဲ့ ရေပိုက်လိုင်းကနေ သောက်ရေအသုံးပြုမှု ၁ ဒသမ ၇ ရာခိုင်နှုန်း၊ သုံးရေက ၁၀ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပြီး ကန်ရေကနေ သောက်ရေအသုံးပြုမှု ၈၅ ဒသမ ၄ ရာခိုင်နှုန်းနဲ့ သုံးရေအဖြစ် ကန်ရေကို ၈၅ ဒသမ ၈ ရာခိုင်နှုန်းအထိ အသုံးပြုကြပါတယ်။
ရေလိုအပ်နေတဲ့ ဒလမြို့ခံတွေဟာ နှစ်စဉ် နွေရာသီတိုင်းမှာ သောက်သုံးရေလာလှူမယ့် ရေအလှူရှင်တွေနဲ့ အရပ်ဘက်အသင်းတွေရဲ့ အကူအညီကို အမြဲလိုအပ်နေကြပြီး ရေမရတဲ့ မိသားစုများတဲ့ နေအိမ်တအိမ်မှာ နေ့တိုင်း ရေတစည်အနည်းဆုံး ဝယ်သုံးနေရတာကြောင့် တလကို ကျပ် ၅၀,၀၀၀ ဝန်းကျင်အထိ သုံးစွဲနေကြရပါတယ်။
ရပ်ကွက်နေသူ အမျိုးသမီးတဦးက “ဝမ်းသာပါတယ်။ ရေခက်ခဲနေတဲ့အချိန်မှာ လာလှူတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခက်ရာခဲဆစ်နဲ့ မရှိတော့လည်း ဝယ်သုံးနေကြတာပါပဲ။ ရေတစည်ကို တချို့က ၁,၃၀၀ ရောင်းတယ်၊ တချို့က ၁,၅၀၀ ရောင်းတယ်။ မီးလာတဲ့အပေါ် မူတည်တာပေါ့။ မီးလာရင် ၁,၃၀၀၊ မီးမလာရင် ၁,၅၀၀ ပေးရတယ်။ ၂ လပိုင်း ၃ လပိုင်းလောက်ဆို ရေရှားတယ်။ ဒီလို ၄ ပိုင်းဆို ပိုဆိုးပြီ။ ကန်တွေလည်း ရေခပ်လို့ မရဘူးလေ။ တနေ့တာဆို သောက်ရေဖိုးတောင် မပါဘူး သုံးရေစရိတ်က ၁,၃၀၀ လောက် ကုန်တယ်။ မိသားစုများတဲ့အိမ်ကျတော့ တစည်လောက်ကို ကုန်တာပေါ့။ တစည်ကို ၁,၅၀၀။ တွန်းလှည်းနဲ့ရော သုံးဘီးနဲ့ရော လာရောင်းတယ်။ လာလှူတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ တန်ခူးလဆို ပိုရှားပြီပေါ့” လို့ ပြောပါတယ်။
မြို့ခံတွေဟာ မြေအောက်ကို ပေရာနဲ့ချီ တွင်းတူးပေမဲ့ ရေချိုမထွက်ဘဲ ရေငန်တွေသာ ထွက်နေတာကြောင့် အဝီစိတွင်း၊ ရေတွင်းတွေက ရေကို သုညဒသမရာခိုင်နှုန်းကနေ အများဆုံး သုံးရာခိုင်နှုန်းလောက်သာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။
အဓိကအသုံးပြုမှု ရာခိုင်နှုန်းများတဲ့ ကန်ရေတွေဟာ ဒလမြို့နယ်မှာ ရာဂဏန်းလောက် ရှိနေပေမဲ့ ၂၀၂၄ နွေကာလမှာ ဆက်တိုက် အပူချိန် စံချိန်တင် မြင့်လာတာကြောင့် ပုံမှန်နှစ်တွေထက် ကန်ရေခန်းခြောက်မှု ပိုများနေခဲ့လို့ ရေရှားပါးပြတ်လပ်မှုတွေက အရင်နှစ်တွေကထက် ဖြစ်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ဒလမြို့ခံ ကိုထွန်းထွန်းက “ရေကန်တွေမှာတော့ ခြံဝန်းခပ်ထားတဲ့ ကန်တွေဆို သောက်လို့ ရပါတယ် မိုးတွင်းအချိန်ပေါ့။ နွေပေါက်လာပြီဆိုရင် ဒီကန်တွေကလည်း ခန်းသွားကြတာပဲ။ အပူရှိန်က အရမ်းများတယ်။ တာဝန်ရှိတဲ့သူတွေကလည်း တူးပေးပါတယ်။ အမြဲတမ်းကျတော့လည်း ရေက မရနိုင်ဘူး။ အဝီစိတူးရင်လည်း ဘယ်မှာမှ ရေချိုမထွက်ဘူး၊ ရေငန်ပဲထွက်တယ်” လို့ ပြောပါတယ်။
ဒလမြို့နယ်အတွင်းကို တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်ရွာ၊ ရေပေးဝေရေးစခန်း၊ ရေတွန်းစက်ရုံကနေ နေ့တိုင်း ဂါလန်တသန်း ပေးဝေဖြန့်ဖြူးနေပေမဲ့ ၂၀၂၁ က စတင်လုပ်ဆောင်နေပြီလို့ ထုတ်ပြန်ထားတဲ့ ဒလရေသန့်စင်စက်ရုံနဲ့ ရေဂါလန် ၃ ဒသမ ၃ သန်းဆံ့တဲ့ ရေစုကန်တည်ဆောက်ရေး လုပ်ငန်းကတော့ ရန်ကုန်စည်ပင်သာယာရေး ဝန်ကြီးဌာန အနေနဲ့ ပြီးဆုံးကြောင်း ထုတ်ပြန်တာ မတွေ့ရပါဘူး။
ရေပေးဝေရေးကို သွားရောက်ကူညီပေးခဲ့သူတဦးကလည်း မြို့ခံရပ်ကွက်နေသူတွေရဲ့ ရေလိုအပ်မှု အခြေအနေ၊ ရေသန့်ရရှိမှုနဲ့ ကျန်းမာရေးအခြေအနေတွေအပေါ်မှာ သူ့ရဲ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။
“သောက်ရေမှာ သူတို့ အဆင်မပြေဘူး။ ရေကို ကိုယ်တိုင် ဟိုအထိ လိုက်ပို့ပေးတော့လေ။ သူတို့ ကျန်းမာရေးအတွက်တော့ မကောင်းဘူး။ အမ ဒီရေတွေက သောက်တာလားဆိုတော့ ဟုတ်တယ် သောက်ရတာတဲ့။ သူတို့က ဒီကျောက်ခွက်ကြီးထဲမှာပဲ ထည့်တယ်။ ရေညှိတွေရော ဘာတွေရောက အများကြီးပဲ။ ကျန်းမာရေးဌာနတွေက ဟောပြောပွဲလေးတွေ သွားလုပ်ရင် ပိုပြီးတော့ အဆင်ပြေတယ်။ ပထမဆုံး ဝင်ဝင်ချင်းကားက သုံးရေလောက်ပဲရမယ်။ နောက်ဆုံးနှစ်စီးကတော့ သောက်လို့လည်း အဆင်ပြေတယ်။ မပြည့်စုံတာကတော့ အလှူရှင်တွေ ဘာတွေ လိုအပ်သေးတယ်။ တချို့ဆိုရင် ရေကန်က ပြည့်တယ်။ တချို့ဆို မပြည့်ဘူး။ အများကြီးလိုသေးတယ်။ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း အများကြီးလိုသေးတယ်။ အလှူရှင်တွေ လိုသေးတယ်။ ကလေးတွေရယ်၊ မိန်းမသားတွေ များတယ်။ မိန်းမသားတွေမှာ လာသယ်တဲ့အများစုက ၃၀ ကနေ ၅၀ ကြား များတယ်။ လာသယ်ကြတာက ဆီပုံးပေါ့နော် ဖြစ်သလိုလေးတွေ၊ ပုံးရှိတဲ့သူကလည်း ပုံးနဲ့ လာသယ်တယ်။”
ဒလမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကလည်း ရေပိုက်လိုင်းနဲ့ ရေကန်တွေကို ရေဖြည့်ဖို့ စီစဉ်ထားတယ်လို့ သိရပြီး ရေလိုအပ်ချက် ဆက်တိုက်မြင့်လာတဲ့ ရပ်ကွက်တွေအတွက် ရေရဖို့ အလှူရှင်တွေ ဝေမျှတဲ့ ဂါလန် ၁,၆၀၀ ဆံ့ ရေသယ်ကားတစီးကို ကျပ် ၈၀,၀၀၀ အထိ ကုန်ကျစရိတ် ရှိနေပါတယ်။
အရပ်ဘက်အသင်းနဲ့ အလှူရှင်တွေဟာ ဧပြီ ၉ ရက်မှာတော့ အိမ်ထောင်စု ၁,၅၀၀ ကျော်၊ လူဦးရေ ၇,၆၀၀ ကျော်ရှိတဲ့ တပင်ရွှေထီးရပ်ကွက်ကို ရေအလှူ ဆက်လက်ကူညီနေကြပြီး ဧပြီကနေ မိုးမရွာခင်အထိ ဆက်လက်ဝေမျှသွားကြမှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် မေလထုတ် ရန်ကုန်တိုင်း ဒလမြို့နယ် အစီရင်ခံစာအရ ဒလမြို့နယ်က အိမ်ထောင်စု ၅ ဒသမ ၈ ရာခိုင်နှုန်းသာ ရေသန့်စက်၊ ရေသန့်ဘူးတွေက ရေကို ဝယ်ယူ သုံးစွဲနိုင်ကြပြီး ရန်ကုန်ရှိ တခြားမြို့နယ်တွေနဲ့ နှိုင်းယှဉ်ပါက ပဉ္ဇမမြောက် အနိမ့်ဆုံး မြို့နယ်ဖြစ်ကာ အိမ်ထောင်စု ၉၂ ဒသမ ၂ ရာခိုင်နှုန်းဟာ မသန့်ရှင်းတဲ့ အရင်းအမြစ်က ရေကို သောက်သုံးနေကြဆဲ ဖြစ်ပါတယ်။