Home
မြန်မာသတင်း
အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရမှု စစ်ဗိုလ်ချုပ်အချို့အပါအဝင် ၃၀ ကျော် ဒဏ်ရာရ
DVB
·
April 9, 2024
drone_09042024

အရှေ့တောင်တိုင်း စစ်ဌာနချုပ် မော်လမြိုင်မှာ ဒုတိယ စစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး အပါအဝင် အစည်းအဝေးလုပ်နေတဲ့နေရာကို အသေခံ ဒရုန်းနဲ့တိုက်ခိုက်မှုမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေတို့ ဒဏ်ရာရနိုင်ကြောင်း ရှာထူး​ဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက အခု ဧပြီ ၉ ရက် ညမှာ ထုတ်ပြန်ပါတယ်။

နှစ်ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဦးစီး ပထမတန်းနဲ့အထက် စစ်ဗိုလ်ချုပ် ၄ ယောက် အပါအဝင်  အရာရှိ အရာခံ အကြပ် တပ်သား ၃၀ ​ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ အတွင်းသတင်းတွေအရ သိရတယ်လို့ ဆိုပါတယ်။

ဒီနေ့ ဧပြီ ၉ ရက် နေ့လယ်ပိုင်းက ဒုတိယအကြိမ်​ အသေခံ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာမှာ ဒဏ်ရာရစာရင်းမှာ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်း​ဆွေတို့ ပါဝင်​နေနိုင်​ကြောင်းသိရပြီး ဗိုလ်ချုပ် ၁ ယောက်၊ ဗိုလ်မှူးချုပ် ၁ ယောက်အပါအဝင် အကြီးပိုင်း ၆ ယောက် အပြင်းအထန်ဒဏ်ရာရပြီး အဲဒီအထဲက ၃ ယောက်ဟာ ဒီနေ့ညမှာ သေဆုံးသွားခဲ့ပြီလို့လည်း သတင်းရင်းမြစ်တွေဆီက သိရကြောင်း ဆိုပါတယ်။

သတင်းရင်းမြစ်တယောက်က "စိုးဝင်းကားနဲ့ အနောက်က လူနာတင်ယာဉ်တစီး ပညာရေးတပ်နားက ခုတင် ၃၀၀ ရောက်နေတယ်။ ​ကွန်မန်ဒိုတွေလည်း ဆေးရုံမှာ အစောင့်ချထားတယ်။ အကောင်ကြီးကြီး​တွေအများကြီး ထိထားဟန်တူတယ်" လို့ ပြောကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နောက်ဆုံးရ သတင်းတွေအရ နေပြည်​တော်နဲ့  ဒုချုပ်စိုးဝင်း၊ ကစထမှူး ညွန့်ဝင်း​ဆွေတို့နဲ့ အဆက်အသွယ်ပြတ်​တောက်​နေတယ်လို့ သိရကြောင်းလည်း ဆိုပါတယ်။

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ အစည်းအဝေးလုပ်နေတဲ့နေရာကို မနေ့ကလည်း အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးတွေကို အနီးကပ်ကွပ်ကဲနေတာကြောင့် ရသမျှနည်းလမ်းတွေ အသုံးပြုပြီး တိုက်ခိုက်နေတာလို့ ရှာထူးဝေါ်တပ်ဖွဲ့ပြန်ကြားရေးက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013