Home
မြန်မာသတင်း
လောင်းလုံးနှင့် တနင်္သာရီတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
April 9, 2024
LaungLonePDF_09042024

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီ ၈ ရက် မွန်းတည့် ၁၂ နာရီလောက်က အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

“လဝကရုံးမှာ ဘန်ကာနဲ့ အခိုင်အမာတပ်စွဲထားတာ အင်အားက ၁၀ ယောက်ရှိတယ်။ အနီးကပ်ဝင်တိုက်လို့ ၅ ယောက်သေ၊ ၃ ယောက် ထိခိုက်ခဲ့တယ်” လို့ လောင်းလုံမြို့ ပကဖတာဝန်ရှိသူက ပြောပါတယ်။

မိနစ် ၄၀ နီးပါးကြာ အပြန်အလှန်ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က ၄၀ မမ၊ ၆၀ မမနဲ့ စက်ကလေးတွေနဲ့ ပြန်ပစ်ခတ်ပေမဲ့ ဒေသကာကွယ်ရေးပူးပေါင်းဘက်က အထိအခိုက်မရှိဘူးလို့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကို လောင်းလုံးမြို့ ပကဖ လိပ်ပြာတပ်စု၊ လောင်းလုံး ပကဖ ကင်းမြီးကောက်ပြောက်ကျားတပ်စု၊ ဓူဝံကြယ်တပ်ဖွဲ့၊ Modern Punk အဖွဲ့၊ Student Revolutionary Force အဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာလည်း စစ်အင်အား ထပ်မံဖြည့်တင်းထားတဲ့  စစ်ကောင်စီတပ်ရင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ က ဒရုန်းနဲ့  ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်တိုးချဲ့လုပ်ဆောင်နေတယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ ဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ ညက အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က ဒရုန်းနဲ့ ဗုံးသီး ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်တွေက ပြောပါတယ်။

ဧပြီ ၈ ရက်နေ့ ညကလည်း ညောင်ပင်ကွင်းရွာအခြေစိုက်  ခမရ ၅၆၁ တပ်ရင်းကို ဗုံးသီး ၂ ကြိမ် ထပ်မံသွားရောက်ကြဲချခဲ့တယ်လို့ မြိတ်ခရိုင်စစ်ကြောင်း ၁ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

"တစီးပဲသုံးပြီး အကြိမ်ကြိမ်တိုက်တာပါ။ ဒရုန်းကို လက်နက်ငယ်နဲ့ လှမ်းပစ်တာရှိတယ်၊ သူတို့ဆီမှာ (Jammer) သုံးထားတယ်။ ကျနော်တို့ဘက်ကလာည်း မရ ရအောင်သွားချတာပါ။ ဒီကောင်တွေက ညဘက်ဆို ကတုတ်ကျင်းထဲမှာ မိသားစုလိုက် ဆင်းအိပ်တာများတယ်။"

စစ်ကောင်စီတပ်ရင်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ မတ် ၃၀ ရက်ကစပြီး လက်ရှိ ဧပြီ ၈ ရက်အထိ မြိတ်ခရိုင်၊ ပြည်သူ့ကကွယ်ရေးစစ်ကြောင်း ၁ ရဲ့  ADF ဒရုန်းတပ်ဖွဲ့က အကြိမ်ရေ ၂၀ ကျော် ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၇ ဦးခန့် သေဆုံးကာ ဒဏ်ရာရသူတွေ အများအပြားရှိတယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ က ထုတ်ပြန်ထားပါတယ်။  

ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ခမရ ၅၆၁ တပ်ရင်းနဲ့ ညောင်ပင်ကွင်းကျေးရွာတံတားက စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို မြိတ်ခရိုင်စစ်ကြောင်း ၁ ကသွားရောက်တိုက်ခိုက်ခဲ့ရာမှာလည်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့တယ်လို့လည်း သိရပါတယ်။

မကြာခဏ တိုက်ခိုက်ခံနေရတဲ့ တနင်္သာရီမြို့နယ်ထဲက စစ်ကောင်စီတပ်ရင်းတွေမှာ ဧပြီလအစပိုင်းလောက်တည်းက တပ်သားအင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်လာပြီး စစ်ရေးပြင်းထန်လာနိင်တာကြောင့်  ဒေသခံပြည်သူတွေ သတိရှိကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024