ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းရွာရှိ ရဲစခန်းက စစ်ကောင်စီ စစ်သားနဲ့ရဲ ၂၃ ဦး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချခဲ့တယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက “ဖားကန့် ဆယ်ဇင်း အကုန် သိမ်းရတယ်။ လူရော၊ ပစ္စည်းရောပဲ။ နေ့လယ်က အပြီးသတ် သိမ်းလိုက်တာ။ ရဲစခန်း။ ရဲရော၊ စစ်သားရောပဲ။ အဲဒီစခန်းမှာ ရှိနေတဲ့ သူတွေအားလုံး လက်မြှောက်၊ လက်နက်ချလိုက်ပြီ။ သုံ့ပန်း ၂၃ ဦးနဲ့ လက်နက် ၂၂ လက်ပါ ရရှိတယ်” လို့ ပြောပါတယ်။
“ဖားကန့် ဆယ်ဇင်း ရဲစခန်းက အပြီးသတ် သိမ်းပိုက်လိုက်ပြီး ရှင်းလင်းလိုက်ပြီ။ အကုန် ရှင်းလင်းရေး လုပ်လိုက်ပြီ။ ဒီမနက် သိမ်းတာက ရဲစခန်း။ စစ်တပ်က မသိမ်းရသေးဘူး” လို့ ဆိုပါတယ်။
ဆယ်ဇင်း စစ်ကောင်စီနဲ့ ရှမ်းနီ (SNA) ပူးပေါင်း တပ်စွဲထားတဲ့ ရဲစခန်းကို ဧပြီ ၉ ရက် မနက် ၆ နာရီလောက်ကစပြီး KIA တပ်မဟာ ၉ နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ ချဉ်းကပ်လာရာမှ နေ့လယ် ၁၁ နာရီလောက်မှာ အညံ့ခံ လက်နက်ချသွားတာလို့ ဆိုပါတယ်။
ဒါ့အပြင် မြစ်ကြီးနား-ဖားကန့် လမ်းပေါ်က စစ်ကောင်စီရဲ့ စုပေါင်း စစ်ဆေးရေးဂိတ် တပ်စခန်းကိုလည်း ဒီနေ့ ဧပြီ ၉ ရက် မနက် ၆ နာရီခန့်ကစ ကချင်လွတ်လပ်ရေးတပ် (KIA) တပ်မဟာ ၉ နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ရာ လက်ရှိထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကတော့ လေကြောင်းနဲ့ ခပ်စိပ်စိပ် ဗုံးလာကြဲနေတယ်လို့ ဆိုပါတယ်။
နန့်ယား ဒေသခံတွေက ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ဘေးလွတ်ရာ ကြိုတင် တိမ်းရှောင်နေကြတာလို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်က မြစ်ကြီးနား-ဖားကန့် လမ်းက ဝှေခါ စစ်ကောင်စီစခန်း၊ ဖေဖော်ဝါရီ ၃ ရက်နေ့က နန့်တိန် စစ်ကောင်စီစခန်း၊ မတ် ၅ ရက်နေ့က တာမခန်စစ်ကောင်စီ ရဲစခန်း၊ မတ် ၁၁ ရက်နေ့က ဖားကန့် ကသိုဏ်းတောင် စစ်ကောင်စီစခန်း၊ မတ် ၁၃ ရက်နေ့ ဖားကန့် နမ့်မှော် အနီးက တန်-၃၀၀၀ စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပါတယ်။