Home
မြန်မာသတင်း
မင်္ဂလာမန္တလေးသင်္ကြန်မဏ္ဍပ် မိုင်းခွဲခံရ၊ စစ်တပ်လက်နက်ကြီးကြောင့် မတ္တရာက နေအိမ် ၂ လုံး မီးလောင်
DVB
·
April 9, 2024
Matara_09042024

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၇၃လမ်း ၁၀၅×၁၀၆ကြားက မင်္ဂလာမန္တလေး သင်္ကြန်မဏ္ဍပ် ကို ဧပြီ ၉ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က မိုင်းခွဲဖောက်ခွဲခဲ့တယ်လို့ အောင်စည်တော်စစ်ဆင်ရေးမန္တလေးက ပြောပါတယ်။

"နောက်ဆက်တွဲပျက်စီးမှု မသိရပါဘူးခင်ဗျာ။ လူအင်မတန် စည်ကားတဲ့ နေရာဖြစ်နေတာကြောင့် အထိအခိုက်မရှိအောင် သေချာစီစဉ်ပြီး လှုပ်ရှားခဲ့ပါတယ်၊ သတိပေးတိုက်ခိုက်ခြင်းသာ ဖြစ်ပါတယ်" လို့ အောင်စည်တော်စစ်ဆင်ရေးမန္တလေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မင်္ဂလာမန္တလေးမဏ္ဍပ် မိုင်းခွဲခံရမှုကြောင့် အနီးနားရှိ KBZ အဆောက်အဦတခု အနည်းငယ်ထိခိုက်ခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

မန္တလေးမှာ စစ်ကောင်စီတပ်က အခုနှစ်သင်္ကြန်အတွက် ကျုံးပတ်လည်မှာ မဏ္ဍပ်တွေ တည်ဆောက်နေပြီး ပွဲတော်စည်ကားဖို့အတွက် ကြိုးပမ်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မန္တလေးမှာ စစ်ကောင်စီတပ်က တည်ဆောက်တဲ့ သင်္ကြန် ရေကစားမဏ္ဍပ်တွေပဲရှိပြီး ပြည်သူတွေ ပါဝင်တည်ဆောက်ထားတဲ့ မဏ္ဍပ်မရှိသေးဘူးလို့သိရပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဟင်္သာကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၈ ရက် ည ၉ နာရီခွဲလောက်မှာ လက်နက်ကြီး ပစ်ခတ်တာကြောင့် ကျေးရွာထဲကနေအိမ်ပေါ်ကျပြီး နေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖက သိရပါတယ်။

မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာဘက်မှ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီး အလုံး ၂၀ လောက်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းတဝိုက်ကို ပစ်ခတ်တာကြောင့် ဟင်္သာကုန်းကျေးရွာ ထဲ ကျရောက်ပြီး နေအိမ်မီးလောင်ခဲ့တာလို့ မတ္တရာမြို့နယ်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

"စစ်တပ်ဘက်က ရွာတွေဘက်ကို  လက်နက်ကြီးနဲ့ အမြဲတမ်းလိုလို ပစ်ခတ်နေတာဆိုတော့ ပြည်သူတွေက အမြဲတမ်းရှောင်တိမ်းနေရပါတယ်၊ လူထိခိုက်မှုမရှိပါဘူး။" 

မတ္တရာမြို့နယ် ဟင်္သာကုန်းကျေးရွာက လက်နက်ကြီးကျတဲ့ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်တိုင်တွေပဲ ကျန်ခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ် ထန်းခြောက်ပင်ရွာ၊ ဆောက်ခြုံပေါက်ရွာနဲ့ ရွှေဘိုးကြီးရွာ စတဲ့ရွာတွေ တိမ်းရှောင်နေရပြီး နေရာထိုင်ခင်း လိုအပ်ချက်တွေရှိနေတဲ့အပြင် မြစ်ကမ်းဘေးရွာတွေဖြစ်တာကြောင့် မြွေအန္တရာယ်လည်းရှိနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013