Home
မြန်မာသတင်း
ရန်ကုန်သင်္ကြန် လုံခြုံရေးအဖွဲ့ဖွဲ့ပြီး စောင့်ကြည့်မည်
DVB
·
April 9, 2024
Yangon ThinGyan_09042024

ရန်ကုန်သင်္ကြန်အတွက် စစ်ကောင်စီက စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေကို စုပေါင်းပြီး ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ကာ မဏ္ဍပ်တွေကို စောင့်ကြည့်ဖို့ တာဝန်ပေးထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာရှိနေတဲ့ မဏ္ဍပ်ပေါင်း ၂၀ဝ ကျော်နဲ့ လမ်းလျှောက်သင်္ကြန် ၂ ခုတို့မှာ လုံခြုံရေးတပ်နဲ့ ရဲအင်အား မလုံလောက်တာကြောင့် ပြည်သူ့စစ်တွေကို ခေါ်ယူ အသုံးပြုတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“ရန်ကုန်က ပြည်သူ့စစ်တွေက ဧည့်စာရင်းစစ်တာ ညဘက်လုံခြုံရေးယူတာလောက်ပဲ တပ်က ခေါ်သုံးတာ။ သင်္ကြန်အတွက် တပ်ရော၊ ရဲရော အင်အားမလောက်လို့ ပြည်သူ့စစ်တွေပါ ခေါ်ထည့်တာ၊ ယူနီဖောင်းကတော့ ဘယ်ယူနီဖောင်းပေးဝတ်မလဲတော့ မသိဘူး။”

ပြည်သူ့စစ်အဖွဲ့ဝင်တွေအပြင် အုပ်ချုပ်ရေးအဖွဲ့တွေကို မြို့နယ်စီမံအုပ်ချုပ်ရေးမှူးက ဦးဆောင်ကာ တမြို့နယ်ကို လုံခြုံရေး ၁၀ ယောက်ပေးရတယ်လို့ လှိုင်သာယာအုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

"နှစ်တိုင်းလုံခြုံရေးယူပေးရတာ ယူနီဖောင်းမလိုဘူး၊ တာဝန်လက်ပတ်မပေးဘူး။ ရေလာကစားတဲ့ ပုံစံနဲ့အုပ်ချုပ်ရေးက စောင့်ကြည့်တာဝန်ယူရတာ။ ထူးခြားရင် စရဖ SB တို့ကို သတင်းပို့၊ သူတို့က လည်း အရပ်ဝတ်နဲ့ပဲ။"

ပြည်သူ့လုံခြုံရေးအဖွဲ့ကို စစ်တပ်မှ ဗိုလ်ကြီးတဦးဆောင်ပြီး ရဲ၊ ပြည်သူ့စစ်၊ အုပ်ချုပ်ရေးအဖွဲ့  ၂၅ နဲ့ ဖွဲ့ထားပြီး ခရိုင်မှာ ဒုဗိုလ်မှူးကြီးက ဦးဆောင်တာလို့ ရန်ကုန် ပြည်သူ့စစ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်နဲ့မြို့နယ်တွေမှာ ဗဟိုမဏ္ဍပ် ၄၃ ခု၊ ရေကစားမဏ္ဍပ် ၁၇၆ ခုကို တည်ဆောက်ကာ မဟာသင်္ကြန်ပွဲတော်ကို ပြုလုပ်သွားမယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

ရေကစားမဏ္ဏပ် ၂၀၀ ကျော်ထဲမှာ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန် တခု၊ ဌာနဆိုင်ရာရေကစားမဏ္ဍပ် ဆယ်ခု၊ ဖျော်ဖြေရေးမဏ္ဍပ်တခုတို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန် က ကျင်းပနိုင်ခြင်းမရှိဘဲ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က နိုင်ငံတကာမှာ နိုင်ငံအတွင်း ဖြစ်ပျက်နေမှုတွေကို မသိရှိစေဖို့ လူထုက စစ်တပ်နဲ့လက်တွဲပြီး ပျော်ရွှင်နေတဲ့ပုံစံမျိုး ဖန်တီးနေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013