အင်းစိန်မြို့နယ် ပေါက်တောဝရပ်ကွက် သံဒင်းစုလမ်းမှာ ဒီနေ့မနက် ၉ နာရီခွဲက မုန့်ဟင်းခါးစား နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပေါက်တောဝရပ်ကွက် သံဒင်းစုလမ်းမှာနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဌေးမြင့်ဟာ ဒီနေ့မနက် ၉ နာရီခွဲက နေအိမ်အနီး မုန်ဟင်းခါးဆိုင်မှာ မုန့်စားနေစဥ် သေနတ်နဲ့ပစ်ခံရတာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"မုန့်ဟင်းခါးစားနေတဲ့အချိန် ဆိုင်ကယ်နဲ့လာပစ်သွားတာ ၅ ချက်လောက်ရှိတယ် ပွဲချင်းပြီး သေသွားတယ်။ စစ်တပ်က ရောက်လာပြီး ဆိုင်ကယ်သမားကို လိုက်ရှာနေတယ်။"
သေနတ်နဲ့ပစ်ခတ်ခံရသူ အုပ်ချုပ်ရေးမှူး ဦးဌေးမြင့်ဟာ အင်းစိန်ခရိုင်ထွေအုပ်နဲ့ပေါင်းကာ ရပ်ကွက်အတွင်းရှိ လူငယ်တွေကို အလှည့်ကျစစ်မှုထမ်းခိုင်းရာမှာ နာမည်ထွက်နေသူ တဦးဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
"ခရိုင်ရုံးတွေ ဗုံးနဲ့ပစ်ခံရကတည်းက သူ့ကို ခရိုင်က ဒုဗိုလ်မှူးကြီးက သတိပေးထားတာ အသွားအလာအနေအထိုင်ဆင်ခြေဖို့၊ အိမ်နားအထိ လာပစ်သွားတာ။ သံဒင်းစုလမ်းကို ခရိုင်က စစ်ဆေးဖို့ ပြောနေတယ်။"
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ရဲတွေဟာ ပေါက်တောဝ၊ ကမ်းနားစတဲ့ ကားမှတ်တိုင်နဲ့လမ်းဆုံတွေမှာ ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်၊ အင်းစိန်ခရိုင် ထွေအုပ်ရုံးနားမှာ မတ် ၂၉ ရက် ည ၈ နာရီဝန်းကျင်က ဗုံး ၃ ကြိမ်ပေါက်ပြီး ပစ်ခတ်မှုတချို့လည်း ဖြစ်ခဲ့ပါတယ်။