Home
မြန်မာသတင်း
မြန်မာ့အခြေအနေ ထိုင်းအတွက် အလွန်အရေးကြီးကြောင်း ထိုင်းဝန်ကြီးချုပ်ပြော 
DVB
·
April 9, 2024
ThaiMinisterMeeting_09042024

မြန်မာနိုင်ငံရဲ့အခြေအနေဟာ ထိုင်းနိုင်ငံအတွက် အလွန်အရေးကြီးပြီး အချိန်မရွေးဖြစ်ပေါ် လာနိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်ဖို့ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းဖို့  ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်က ပြောပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နဲ့ ကပ်လျက် ကရင်ပြည်နယ် မြဝတီမြို့နယ်တခုလုံးနီးပါး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်တွေ လက်နက်ချသူချ၊ ထွက်ပြေးသူက ပြေးနဲ့ အခြေအနေ ရှုပ်ထွေးနေချိန်မှာ ထိုင်းဝန်ကြီးချုပ်ကလည်း ဧပြီ ၉ ရက်  မနက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့တာပါ။ 

အစည်းအဝေးမှာ ဝန်ကြီးချုပ်က မြန်မာ့အရေးဟာ ထိုင်းနိုင်ငံအတွက် အလွန်အရေးကြီးတယ်၊ ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံပေါ်မှာထားရှိတဲ့ မူဝါဒကတော့ မြန်မာနိုင်ငံ အေးချမ်းတည်ငြိမ်ရေး၊ ထိုင်း-မြန်မာနှစ်နိုင်ငံ ပြည်သူလူထုအားလုံး အကျိုးကိုရှေးရှုဆောင်ရွက်ရေးပဲလို့ ပြောပါတယ်။ 

ဒါကြောင့် မြန်မာနိုင်ငံ အမြန်ဆုံးပြန်ပြီး အေးချမ်းတည်ငြိမ်ဖို့အတွက် အဘက်ဘက်ကနေ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ အဆင်သင့်ရှိတယ်၊ တချိန်တည်းမှာပဲ လူသားချင်းစာနာ မှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်နေတယ်၊ နယ်စပ်ကုန်သွယ်ရေးအပါအဝင် ထိုင်းနိုင်ငံ ပေါ် သက်ရောက်လာနိုင်တဲ့ အခြေအနေတွေကို လက်သင့်ခံနိုင်ဖို့ အသင့်ပြင်ထားဖို့ လိုအပ် တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အလုပ်အမှုဆောင်တရပ်ဖွဲ့စည်းဖို့၊ အဲဒီလုပ်ငန်းစဉ်မှာ အမျိုးသားလုံခြုံရေးကောင်စီအထွေထွေအတွင်းရေးမှူးကလည်း လက်တွဲ ဆောင်ရွက်ဖို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးရာ ကိစ္စရပ်တွေမှာ ပံ့ပိုး ကူညီဖို့ ပြောသွားပါတယ်။

မြန်မာဘက်က ပုဂ္ဂလိကလေယာဉ် မဲဆောက်လေဆိပ်ကို ဆင်းသက်ခွင့်ပြုတာကတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးတဲ့အနေနဲ့ ခွင့်ပြုခဲ့တာဖြစ်ကြောင်း၊ သတင်းတွေ ထွက်ပေါ်နေသလို စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်နဲ့ စစ်လက်နက်နဲ့ပတ်သက်တာတွေ သယ်ဆောင်ခွင့်ပြုတာ မဟုတ်ဘူးလို့  ဝန်ကြီးချုပ်က  မနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မြန်မာဘက်က တိုက်ပွဲကြောင့် ထိုင်းဘက်ကို ထွက်ပြေးခိုလှုံလာသူတွေကို လူ့အခွင့်အရေးစံနှုန်း၊ လူသာချင်းစာနာမှုဆိုင်ရာအကူအညီတွေကို ဘက်လိုက်ခြင်းမရှိဘဲ ထောက်ပံ့ပေးနေတယ်၊ ဒါပေမဲ့ လက်နက်ယူဆောင်လာခွင့်မရှိဘူး၊ ထိုင်းနိုင်ငံရဲ့ ဥပဒေစည်းမျဉ်းဘောင်ထဲကနေ ဆောင်ရွက်နေတယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက် ညက မြန်မာဘက်က လေယာဉ်တစင်း ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်မှာ ဆင်းသက်လာပြီး ငွေစက္ကူနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းပစ္စယ သယ်ဆောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ 

ဒါပေမဲ့ အဲဒီညက မဲဆောက်လေဆိပ်မှာ အပြင်လူဝင်ခွင့်မပြုသလို သတင်းထောက်တွေလည်း အနားကပ်ခွင့် မရှိတာကြောင့် ဘာတွေ သယ်သွားသလဲဆိုတာ ဘယ်သူမှ အတိအကျမပြောနိုင်ပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအတိုက်အခံ MFP ပါတီခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျ ရွန်းရတ် ကတော့ ထိုင်းအစိုးရအနေနဲ့  မြန်မာစစ်ကောင်စီကို လေယာဉ်ဆင်းသက်ခွင့်ပြုတဲ့အပေါ် ပြည်သူကို ရှင်းလင်းချက်ပေးဖို့ လူမှုကွန်ရက်နဲ့ မီဒီယာကနေ တောင်းဆိုခဲ့ပါတယ်။

ထိုင်းအစိုးရဟာ မြန်မာစစ်ကောင်စီကို အားပေးကူညီနေတယ်ဆိုပြီး အထင်အမြင် လွဲမှားစေတယ်၊ ဒါကြောင့် ဘာကြောင့်ခွင့်ပြုသလဲ၊ လေယာဉ်ပေါ်မှာ ဘာတွေ သယ်သွားသလဲ စတာတွေကို အသေးစိတ် ပြည်သူကို ချပြသင့်တယ်လို့ သူ့ရဲ့ကိုယ်ပိုင် လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

Source: Thai PBS

PHOTO Credit- Srettha Thavisin Facebook

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013