ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ ဧပြီ ၁ ရက်က စပြီး စက်မှုဇုန်အလုပ်သမားတွေက ဖယ်ရီကား အချင်းချင်း အချိန်အခါမဟုတ်ဘဲ ရေပက်တာနဲ့ ရေထုပ်နဲ့ပစ်ပေါက် ကစားတာတွေကြောင့် လမ်းသွားလမ်းလာတွေအနေနဲ့ အခက်အခဲဖြစ်နေပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ မြို့ခံတွေဆီကနေတဆင့် သိရပါတယ်။
ရွှေပြည်သာမြို့ခံ တဦးက “သင်္ကြန် မကျသေးဘဲ ၁ ရက်နေ့တည်းက သူတို့စက်ရုံဆင်းတဲ့အချိန် ကားပေါ်ကနေ ရေတွေပက်နေတာ နေ့တိုင်းပဲ၊ ရေထုပ်တွေနဲ့ ပေါက်တာ လမ်းပေါ်က လူတွေပါ ထိတာတွေလည်း ရှိတယ်”လို့ ပြောပါတယ်။
ရေပက်တဲ့ဖယ်ရီကားတွေက ညနေပိုင်းအချိန်သာမကဘဲ စက်ရုံတက်တဲ့ မနက်ပိုင်းမှာပါ ရေပက်ကစားကြတာကြောင့် စက်မှုဇုန်ဝန်ထမ်းအချို့လည်း အခက်အခဲဖြစ်ရတယ်လို့ ရွှေပြည်သာ မြို့နယ်က စက်မှုဇုန်ဝန်ထမ်းတဦးက ပြောပါတယ်။
“ညနေအိမ်ပြန်ချိန် ရေပက်တာက ဘာမှမဖြစ်ပေမဲ့ မနက်ပိုင်း ရေပက်တာကျ တနေကုန် ရေစိုကြီးနဲ့ အလုပ်လုပ်ရတော့ အဆင်မပြေဘူး၊ အပူရှပ်ပြီး ဖျားနိုင်တယ်။”
အဆိုပါ စက်ရုံဖယ်ရီကားတွေက စက်ရုံကားအချင်းချင်း ရေကစားတာအပြင် အောက်ဆိုက်ကားတွေကိုလည်း ရေပက်တာ၊ ရေထုပ်နဲ့ ပစ်ပေါက်တာတွေ ရှိတယ်လို့ အောက်ဆိုက်ကား မောင်းနှင်သူတဦးက ပြောပါတယ်။
“ရေတွေ ပက်တာက မတ်လမကုန်ခင်တည်းကပဲ၊ အရင်က သူတို့အချင်းချင်းပဲ ရေပက်ကြတာ၊ အခုမှ တခြားကားတွေနဲ့ လမ်းပေါ်ကလူတွေကိုပါ လိုက်ပက်နေတာ၊ ဘယ်သူ့မှလည်း သွားတိုင်လို့ မရဘူး”
ရွှေပြည်သာမြို့နယ်မှာ အရင်နှစ်တွေကလည်း စက်ရုံဖယ်ရီအချင်းချင်း ရေကစားတာတွေ ရှိခဲ့ပေမဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် အလွန်အကျွံသရုပ်ပျက် ပျော်ပါး မနေသင့်ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီက အခုနှစ် ရန်ကုန်သင်္ကြန်ကို စည်ကားအောင် ပြုလုပ်နေပေမဲ့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရွှေပြည်သာမြို့နယ်မှာတော့ ဌာနဆိုင်ရာရုံးတွေနဲ့ မြို့နယ်ခန်းမ ရှေ့တွေမှာ အရင်နှစ်တွေလို မဏ္ဏပ်ဆောက်လုပ်တာတွေ မရှိဘူးသိရပါတယ်။