Home
မြန်မာသတင်း
ဒလတွင် သောက်သုံးရေလိုအပ်နေသည့် နေရာများကို ရေလှူဒါန်း
DVB
·
April 8, 2024
Dala Purified Water Need_08042024

ရန်ကုန်၊ ဒလမြို့နယ်က သောက်သုံးရေလိုအပ်နေတဲ့ ရပ်ကွက်တွေကို အရပ်ဘက်အသင်းနဲ့ အလှူရှင်တွေက ဧပြီ ၈ ရက်မှာ ရေကား ခုနစ်စီး ကူညီခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒလမြို့ ရပ်ကွက်နေသူတဦးက “သောက်ရေဆိုလို့ရှိရင် တပုံးကို ၇၀၀၊ ရှိတဲ့သူက အကြောင်းမဟုတ်ဘူး။ မရှိတဲ့သူက အဆင်မပြေဘူးပေါ့။ အခုလိုလာလှူတော့ သောက်ရေသုံးရေ ရတဲ့အပေါ်မှာ တဖက်တလမ်းက ဈေးဝယ်တဲ့နေရာမှာ ထည့်သုံးလို့ ရမယ်။ ဆန် ဆီ ဆား ငရုတ် ကြက်သွန်ကအစ ဝယ်လို့ရသွားတာပေါ့။ သုံးရေဆို တစည်ကို ၁,၄၀၀၊ မီးမလာတဲ့နေ့ဆို ဝယ်လို့ မရဘူး” လို့ ပြောပါတယ်။

ဒလမြို့နယ်မှာ ရပ်ကွက် ၂၃ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၂၃ ခုအထိရှိနေပြီး နွေကာလမှာ ကန်ရေတွေ ခန်းခြောက်သွားတဲ့အတွက် သုံးရေတစည်ကို ကျပ် ၁,၅၀၀၊ သောက်ရေတစည်ကို ကျပ် ၂,၀၀၀ လောက်အထိ ပေးဝယ်သုံးနေရသလို ဂါလန် ၁,၂၀၀ ဆံ့ ရေကားတစီးကို ကျပ် ၈၀,၀၀၀ အထိ ကျသင့်နေပါတယ်။

ရေလှူဒါန်းတဲ့ အရပ်ဘက်အလှူရှင်တဦးက “ရေကားခုနစ်စီး၊ တစီးကို ဂါလန် ၁,၂၀၀ ဆံ့တယ်။ သက်ဆိုင်ရာဘက်ကလည်း ရန်ကုန်ပေါက်ဘက်ကနေ ရေပိုက်လိုင်းနဲ့ ကန်တွေကို ဖြည့်ဖို့ လုပ်နေကြတယ်။ ကားက တစီးကို ၈၀,၀၀၀ ကျပါတယ်။ ရပ်ကွက်အလိုက် လိုအပ်ချက်တွေ‌တော့ များနေပါသေးတယ်” လို့ ပြောပါတယ်။

ဒလမြို့နယ်ဟာ ၂၀၁၄ လူဦးရေစာရင်းအရ အိမ်ထောင်စု ၃၇,၉၀၀ ကျော်၊ လူဦးရေ ကျား မ စုစုပေါင်း ၁၇၂,၀၀၀ ကျော် ရှိပေမဲ့ သုံးရေအတွက် ရေရရှိတဲ့ အရင်းအမြစ်မှာ ကန်ရေအသုံးပြုမှု ၈၅ ဒသမ ၈ ရာခိုင်နှုန်းနဲ့ သောက်ရေ ရေကောင်းရေသန့်ရရှိမှုက ၇ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- လူမှုကူညီရေးအသင်းများ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013