Home
မြန်မာသတင်း
ကျိုက်မရောတွင် စစ်ရှောင်နေအိမ်များကို စစ်သားများဖောက်ထွင်းပြီး ပစ္စည်းများယူ‌ဆောင်
DVB
·
April 8, 2024
KyaikMaYawWarVictims_08042024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တရွာလုံး စစ်ဘေးရှောင်နေရတဲ့ ဓမ္မသရွာ အပါအဝင် အနီးနားရှိ ကျေးရွာ‌တွေကို စစ်ကောင်စီက တပ်စွဲပြီး နေအိမ်တွေ ဖောက်ထွင်းကာ ပစ္စည်းတွေ ယူဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာကို စစ်ကောင်စီ လေကြောင်း၊ ရေတပ်စစ်သင်္ဘောတို့က မတ် ၂၇ ရက်ကစပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ် ၅၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၆,၀၀၀ ကျော် စစ်ဘေးရှောင်နေရတဲ့အပြင် အနီးအနားရှိ ကျေးရွာတွေလည်း စစ်ဘေးရှောင်နေရပါတယ်။

တရွာလုံး စစ်ဘေးရှောင်နေရတဲ့ ဓမ္မသရွာနဲ့ အနီးအနား ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်တပ်စွဲထားပြီး စိတ်ကြိုက် မွှေနှောက် စားသောက်နေတယ်လို့ ဓမ္မသရွာသား‌တဦးက ပြောပါတယ်။

“အခု ရွာထဲမှာကော အနီးနားက ရွာတွေမှာပါ သူတို့ တပ်စွဲပြီး အိမ်တွေကိုတက်ပြီး ပစ္စည်းတွေ ယူတယ်။ ဆိုင်တွေကိုလည်း ဖောက်ပြီး စိတ်ကြိုက်မွှေနှောက် စားသောက်နေတာ။ စစ်လည်း ရှောင်နေရတယ်၊ အိမ်ကိုလည်း စိတ်ပူနေရတယ်။ မီးပဲထပ်လောင်မလား၊ ပစ္စည်းတွေပဲ ယူသွားမလား စိတ်ပူနေရတယ်။”

စစ်ကောင်စီတပ်သားတွေဟာ ဓမ္မသရရွာမှာ တပ်စွဲထားပြီး ရွာသားတွေကို ရွာထဲ ဝင်ခွင့်မပြုဘဲ စိတ်ကြိုက်ဖျက်ဆီးနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ လူသားစာနာနဲ့ ကယ်ဆယ်ရေးဌာန တာဝန်ခံ မိဆုတဂျိုက ပြောပါတယ်။

“စစ်ကောင်စီတပ်ချထားပြီး ဓမ္မသရရွာထဲကို ဘယ်သူမှပေးမဝင်ဘူး။ ရွာသားတွေကို ပစ္စည်းယူခွင့်တောင် မပေးဘူး။ ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ယူဖျက်ဆီး စားသုံးနေပါတယ်။ ရွာသားတွေကို ပစ္စည်းပြန်ယူဖို့ဆိုပြီး ဖွင့်ပေးတာလည်း မရှိပါဘူး။”

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဓမ္မသရွာ အပါအဝင် အနီးနား ရွာတွေက ဒေသခံ ၅၀,၀၀၀ နီးပါး‌ စစ်ဘေးရှောင်နေရတယ်လို့ ‌မွန်ပြည်ဖက်ဒရယ်ကောင်စီက ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013