အီကွေဒေါနိုင်ငံ မြို့တော် ကီတိုမှာရှိတဲ့ မက္ကဆီကိုသံရုံးကို အီကွေဒါရဲတွေက ဝင်စီးတဲ့လုပ်ရပ်ကို နိုင်ငံတကာက ဝိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်။
မက္ကဆီကိုသံရုံးထဲက အီကွေဒေါ ဒုသမ္မတဟောင်းကို ဝင်ဖမ်းတဲ့ကိစ္စ ဖြစ်ပွားခဲ့ပြီးနောက် မက္ကဆီကိုသံအမတ်ကြီးနဲ့ တခြားအမှုထမ်းတွေဟာ ကီတိုက ထွက်ခွာလာပြီး အမိမြေ ပြန်လာခဲ့ကြပါတယ်။
မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါကလည်း အီကွေဒေါနဲ့ သံတမန်ဆက်ဆံရေး ချက်ချင်း ဖြတ်တောက်ခဲ့ပါတယ်။
အီကွေဒေါရဲ့လုပ်ရပ်ကို အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်တွေ၊ သမ္မတတွေ၊ သံတမန်တွေက ဝိုင်းဝန်းရှုတ်ချခဲ့ပြီး နိုင်ငံတကာက သဘောတူညီမှုတွေကို ချိုးဖောက်တဲ့ ဥပမာဆိုးအဖြစ် ကောက်ချက်ချခဲ့ကြပါတယ်။
မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး အလီစီယာ ဘာဆီနာက“အာဏာရှင် ပီနိုရှေးတောင် ချီလီက မက္ကဆီကိုသံရုံးထဲ မဝင်ရဲခဲ့ပါဘူး။ ဒီလို အကြမ်းဖက်ပြီး ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာ၊ သံတမန်တွေကို ကိုယ်ထိလက်ရောက်လုပ်တာကို ကျမတို့ လုံးဝရှုတ်ချပါတယ်” လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်ကို သည်ဟိတ်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကန့်ကွက်တင်ပြသွားမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
လက်တင်အမေရိကက ၁၈ နိုင်ငံ၊ ဥရောပက နိုင်ငံ ၂၀၊ အမေရိကတိုက်နိုင်ငံများအဖွဲ့တွေက မက္ကဆီကိုဘက်က ထောက်ခံထားတယ်လို့လည်း ဆိုပါတယ်။
Source/Photo-Reuters