Home
နိုင်ငံတကာ
အာကာသထဲ စုပုံလာနေသည့် စွန့်ပစ်ဂြိုဟ်တု အမှိုက်များ အန္တရာယ်
DVB
·
April 8, 2024
SpaceDebris_08042024

လွန်ခဲ့တဲ့ ၆၇ နှစ် စစ်အေးကာလ ၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုက စပွတ်နစ်ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းထဲကို လွှတ်တင်လိုက်ပြီး အာကာသပြိုင်ပွဲကြီး စတင်ခဲ့တဲ့ နောက်ပိုင်းကတည်းက အာကာသထဲမှာ ဂြိုဟ်တုဟောင်းတွေကို ခပ်လွယ်လွယ်ပဲ စွန့်ပစ်ခဲ့ကြပါတယ်။

၁၀ စင်တီမီတာထက် ပိုကြီးတဲ့ အာကာသအမှိုက်စတွေက ၂၅၀၀၀ လောက်ရှိပြီး အရှိန်နဲ့တိုက်မိရင် အန္တရာယ်ကြီးတဲ့ တစ်မီလီမီတာအရွယ် အမှိုက်စငယ်တွေဆိုရင် သန်းပေါင်း ၁၀၀ လောက်ထိ ရှိတဲ့အကြောင်း အမေရိကန် အာကာသအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

အခုချိန်မှာ နိုင်ငံတကာ အာကာသအေဂျင်စီပေါင်း ၇၀ ကျော်ရှိနေပြီး ၁၆ နိုင်ငံလောက်က ဂြိုဟ်တုလွှတ်တင်နိုင်စွမ်း ရှိနေကြပေမဲ့ အာကာသစစ်ရေးအပြုအမူ စံနှုန်းတွေလည်း မသတ်မှတ်နိုင်ကြသေးတဲ့အတွက် အာကာသလက်နက်တွေ ထွန်းကားလာရင် အခုထက်ပိုပြီး အမှိုက်စတွေ ပိုများပြားလာမယ့် အန္တရာယ်ကို စိုးရိမ်စရာတွေ ရှိနေပါတယ်။

တယ်လီဖုန်းဆက်သွယ်ရေးကနေ ကူးသန်းသွားလာမှုတွေ အားလုံးအတွက် အသုံးပြုနေတဲ့ ဒေါ်လာ သန်းပေါင်း ထောင်သောင်းချီ တန်ကြေးရှိတဲ့ ဂြိုဟ်တု အာကာသယာဉ်တွေကို ထိခိုက်လာမယ့်အန္တရာယ် ရှိနေလို့ အစိုးရတွေနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေက ဒီအမှိုက်တွေကို ဘယ်လိုရှင်းလင်းကြမလဲ စဉ်းစားနေကြရပါတယ်။

အဲဒီထဲက တခုဖြစ်တဲ့ Astroscale ကုမ္ပဏီကတော့ Active Debris Removal - ADR လို့ နာမည်ပေးထားတဲ့ စက်ရုပ်လက်တံတွေကို အသုံးပြုရှင်းလင်းဖို့ ကြိုးစားနေပါတယ်။

အဲဒီလို အမှိုက်စတွေ ဖမ်းယူပြီး ဂြိုဟ်ပတ်လမ်း အနိမ့်ပိုင်းဆီကို ပို့ဆောင်ပေးရာမှာ အသုံးပြုတဲ့ စက်ရုပ်လက်မောင်းတံတွေကိုတော့ Airbus ကုမ္ပဏီက တည်ဆောက်ပေးထားပါတယ်။

အာကာသထဲမှာ အမှိုက်သရိုက်တွေ တန်ချိန်ပေါင်း ၁၀၀၀၀ ကျော်ထိ ရှိနေကြပြီး အာကာသယာဉ်တွေနဲ့ တိုးမိတိုက်မိတာတွေ ဖြစ်ပျက်နေတယ်လို့ Astroscale နည်းပညာကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ နစ်ရှာဗီကပြောပါတယ်။

“ကမ္ဘာပတ်လမ်းထဲမှာ ဆွဲငင်အားမဲ့ မျောပါနေတဲ့ စွန့်ပစ်ဂြိုဟ်တုတွေရဲ့ အပိုင်းအစတွေကို ကမ္ဘာ့လေထုဆီ ဆွဲသွင်းပြီးတော့ လေထုနဲ့ပွတ်တိုက် မီးလောင်ပျက်စီးသွားအောင် ကြိုးစားနေပေမဲ့ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။”

ဒါ့အပြင် Astroscale နည်းပညာကုမ္ပဏီက စဉ်းစားနေတာက ဂြိုဟ်တုတွေကို စွမ်းအင် ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့လည်း ပါဝင်ပါတယ်။

အခုချိန်မှာတော့ ဂြိုဟ်တုတွေဟာ စွမ်းအင်ကုန်ခန်းသွားရင် လုပ်ငန်းတွေ ရပ်ဆိုင်းသွားပြီး ဂြိုဟ်ပတ်လမ်းမှာ မျောလွင့်နေကြတဲ့ စွန့်ပစ်အမှိုက် ဖြစ်သွားပါတော့တယ်။

သူတို့ကုမ္ပဏီအနေနဲ့ လာမယ့် သုံးနှစ်တာအတွင်း ၂၀၂၇ အမှိုက်တွေဖယ်ရှားပေးနိုင်ဖို့နဲ့ စွမ်းအင်ပြန်လည်ဖြည့်တင်းနိုင်မယ့် အာကာသယာဉ်မျိုးကို တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

တကယ်လို့ အခုတိုင်းသာ အာကာသအမှိုက်တွေကို မဆင်မခြင် စွန့်ပစ်နေကြဦးမယ်ဆိုရင် တနေ့နေ့မှာ အာကာသယာဉ်တွေနဲ့ တိုးတိုက်မိပြီး ရှောင်လွှဲမရနိုင်တဲ့ အန္တရာယ်တွေ ရင်ဆိုင်ရနိုင်တဲ့ ဖြစ်တန်ခြေသီအိုရီတခုကို အမေရိကန် အာကာသသိပ္ပံပညာရှင် တယောက်က ၁၉၇၀ ပြည့်နှစ် ကျော်မှာ တင်ပြခဲ့ဖူးပါတယ်။

အဲဒီလိုကြုံလာနိုင်တဲ့ အန္တရာယ်ကိုတော့ Kessler Effect ကက်စလာသက်ရောက်မှုလို့ ခေါ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013