ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ မိုးဖိန်း၊ ခူးလီ၊ နန့်လိုင်မအူပင်ကျေးရွာတွေဘက်မှာ ဧပြီ ၈ ရက် မနက် ၄ နာရီကျော်လောက်က စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံထံက သိရပါတယ်။
ရွာခံတဦးက “လူတွေတော့ ထိတာမကြားရသေးဘူး။ အမျိုးအိမ်တွေ တချို့ထိတယ်။ အဲဘက်ကရွာတွေက ရှောင်ထားကြတာ များတယ်။ မရှောင်နိုင်သူတွေ ကျန်ထားတာပေါ့။ တချို့ဗုံးတွေက လယ်ကွင်းထဲ၊ တာပိန်ချောင်းထဲတွေ ကျပြီး ပေါက်ကွဲတယ်” လို့ ပြောပါတယ်။
ဗန်းမော်မြို့ပြင်ရှိ နမ့်ဖားဂိတ်မှာ စစ်ဆေးရေး တင်းကျပ်ထားပြီး ကျေးရွာတွေဘက်က စားသောက်ကုန်ပစ္စည်းတွေကိုလည်း အဝင်အထွက် ကန့်သတ်ထားတာကြောင့် အောင်ပြည်သာ၊ ရွှေစည်၊ သာစည်၊ ဟဲလုဲသစ်၊ ဟဲလုံဟောင်း၊ တိန်းသော်ကျေးရွာတွေက ဒေသခံတွေအတွက် စားနပ်ရိက္ခာ ပြတ်တောက်လာနိုင်တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ ကမ်းနားဘက်မှာလည်း စစ်ကောင်စီဝင်တွေဟာ အရပ်ဝတ်နဲ့ ကင်းပုန်းဝပ်ပြီး ဈေးဝယ်လာတဲ့ လူငယ်တဦးကို ထိုးကြိတ်လွှတ်လိုက်တယ်လို့ ဒေသခံထံက သိရပါတယ်။