Home
အနုပညာ
တော်လှန်ရန်ပုံငွေ လင်းလင်း တကိုယ်တော်ရှိုးပွဲ ပရိသတ် ၂၂၂၀၀ ကျော်အားပေး
DVB
·
April 8, 2024
LynnLynn-AuthenticConcert_08042024

မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက ပါဝင်နေတဲ့ အနုပညာရှင်တဦးဖြစ်တဲ့ အဆိုတော် လင်းလင်းရဲ့ တော်လှန်ရေးရန်ပုံငွေ အွန်လိုင်းတကိုယ်တော်ရှိုးပွဲကို ပရိသတ် ၂၂၂၀၀ ကျော် လက်မှတ်ဝယ်ယူ  ကြည့်ရှုအားပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဧပြီ ၇ ရက် မနေ့ညနေ ၆ နာရီမှာ စတင်ကျင်းပခဲ့တဲ့ ဒီရှိုးပွဲကို Delay Live အနေနဲ့ ပြန်လည်ပြသခဲ့တာဖြစ်ပြီးတော့ လက်မှတ်တစောင်ကို မြန်မာကျပ်ငွေ ၃၀၀၀၀  သတ်မှတ်ထားကာ နိုင်ငံတကာကလည်း အားပေးနိုင်အောင် သက်ဆိုင်ရာငွေကြေးတွေနဲ့ သတ်မှတ်ရောင်းချခဲ့တာပါ။

ဒီ Concert ဟာ ငါတို့ရဲ့ ရုန်းကန်အားနဲ့ညီညွတ်မှုကို မိသားစုခေါင်းစဉ်အောက်မှာ ဘယ်လို စုစည်းကြသလဲဆိုတဲ့ နှလုံးသားတွေကို လှစ်ပြတာလို့ ဒီရှိုးပွဲနဲ့ ပတ်သက်ပြီးတော့ အဆိုတော် လင်းလင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ဧပြီ ၁ ရက်က ရေးသားထားပါတယ်။

ဒီရှိုးပွဲမှာ အဆိုတော် လင်းလင်းရဲ့ ဇနီးချစ်သုဝေ၊ ဝါရင့်အဆိုတော် တူးတူး၊ သရုပ်ဆောင် အောင်မြင့်မြတ်နဲ့  ဦးကျော်သက်လင်း (MRTV-CDM)တို့ အပါအဝင် တခြား တေးသံရှင်တွေလည်း ပါဝင်သီဆို ဖျော်ဖြေခဲ့ကြပါတယ်။  

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေ ကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ သရုပ်ဆောင် ဒေါင်း၊ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်ခဲ့ကြပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ထောင်ဒဏ် ပြစ်ဒဏ်အသီးသီးချမှတ်ခံရသူတွေလည်း ရှိနေပါတယ်။

လတ်တလောမှာတော့ နွေဦးတော်လှန်ရေး ခရီးကြမ်း ၃ နှစ်ကျော် ကာလတွေအတွင်းမှာ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်တွေဟာ ပြည်သူ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်ရာမှာ တတ်စွမ်းသမျှ တော်လှန်အနုပညာ စွမ်းအားနဲ့ တတပ်တအား ပါဝင်နေကြတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013