Home
နိုင်ငံတကာ
အစ္စရေးက အပြည်ပြည်ဆိုင်ရာဥပဒေ ချိုးဖောက်ပါက လက်နက်ရောင်းချမှု ရပ်တန့်မည်ဟု ဗြိတိန် သတိပေး
DVB
·
April 8, 2024
UK DeputyPM_08042024

ဂါဇာကမ်းမြောင်ဒေသမှာ သူ့လုပ်ရပ်တွေကနေတဆင့် အပြည်ပြည်ဆိုင်ရာဥပဒေကို အစ္စရေးက ချိုးဖောက်တယ်ဆိုတဲ့ ဥပဒေဆိုင်ရာ အချက်အလက်တွေလက်ခံရရှိခဲ့ရင် ဗြိတိန်အစိုးရဟာ အစ္စရေးကို လက်နက်ရောင်းနေတာ ရပ်တန့်မယ်လို့ ဗြိတိန်လက်ထောက်ဝန်ကြီးချုပ် အိုလီဗာ ဒေါက်ဒန်က ဧပြီ ၇ ရက်မှာ ပြောလိုက်ပါတယ်။

အစ္စရေးဆီ လက်နက်တင်ပို့တဲ့နိုင်ငံနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဗြိတိန်ဟာ အစ္စရေးကို စံချိန်စံညွှန်းမြင့်မြင့်နဲ့ ကိုင်တွယ်ထားတယ်လို့ သူက အလေးအနက် ပြောခဲ့ပါတယ်။

“အစ္စရေးရဲ့ ကွဲပြားခြားနားတဲ့ နယ်ပယ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ စိုးရိမ်ပူပန်ချက်တွေ ရှိပါတယ်” လို့လည်း ဒေါက်ဒန်က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသက အကူအညီပေးရေးလုပ်သားယာဉ်တန်းကို တိုက်ခိုက်လို့ လူအသေအပျောက်များခဲ့တဲ့ အမှုကြောင့် အစ္စရေးဆီ လက်နက်ရောင်းတာ ရပ်ဆိုင်းဖို့ ဗြိတိန်အစိုးရအပေါ် ဖိအားတွေ တိုးလာနေတဲ့ကြားက သူက ခုလိုပြောခဲ့တာပါ။

ဂါဇာကမ်းမြောင်ဒေသက လူမျိုးတုံးသတ်ဖြတ်မှုမှာ ဗြိတိန်က ပါဝင်ပတ်သက်နိုင်တယ်လို့ ပြောရင်း အစ္စရေးဆီ လက်နက်ရောင်းချမှု ရပ်တန့်ရေး အစိုးရကို တောင်းဆိုရာမှာ ဗြိတိန်တရားရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင် ၆၀၀ ကျော်နဲ့ တရားရုံးချုပ် တရားသူကြီးဟောင်း သုံးဦးတို့ ပူးပေါင်းခဲ့ကြပါတယ်။

သူတို့ရဲ့တောင်းဆိုမှုကို ဗြိတိန်နိုင်ငံရဲ့ ထိပ်တန်း ထောက်လှမ်းရေးပညာရှင်နှစ်ဦးက ကျောထောက်နောက်ခံပေးထားပါတယ်။

အစ္စရေးကိုနားချဖို့ ဗြိတိန်က ဘယ်လိုဩဇာ အရှိန်အဝါကိုမဆို သုံးဖို့လိုပြီး အစ္စရေးရဲ့ အကြီးဆုံး ကျောထောက်နောက်ခံ အမေရိကန်က ပဋိပက္ခရဲ့လမ်းကြောင်းကို ပြောင်းဖို့ လိုတယ်လို့ ဗြိတိန်ရဲ့ ထိပ်တန်း ထောက်လှမ်းရေးပညာရှင် နှစ်ဦးက ပြောပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024