(က)
စကားဝိုင်းမှာ ထုံးစံအတိုင်း အငြင်းအခုံကလေးတွေနှင့်။ ကြင်စိုး သာ၀ မအလကြီး၏ ချောင်ပိတ်မိနေပြီ ဖြစ်သည့် နောက်ဆုံးခံတပ် နေပြည်တော်ကို တော်လှန်ရေးတပ်များ၏ ကာမီကာဇေ ဒရုန်းမိုးရွာချခဲ့ရာ အခြေအနေများကို ငြင်းနေကြတာဖြစ်ပါ၏။ စိမ်းသရဖူစိမ်း အဘစိမ်းမောင်က ဤသို့ ဆို၏။
“အလကား ဒရုန်းတွေပါကွာ . . . တပ်မတော် လက်ဖြောင့်တပ်သားတွေက အကုန်လုံးကို ပစ်ချ ရှင်းလင်းလိုက်တာ အကုန်လုံး ပျက်ကျကုန်တာပေါ့ကွ . . . ဟ ဟ ဟ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
“မင်းတို့က ဘာရယ်ကြတာလဲ”
အဘစောမူးသာနှင့် စစ်ပြန်ကြီး အဘလုံးတုံးအပြင် အဆိုကောင်းလှသည့် အဘလှဘူးတို့ကား ရယ်နေရင်းမှ “စိမ်းမောင်ရာ . . . . မင်းက ခုထက်ထိ အလိမ်အညာသတင်းတွေချည်း လွှင့်ထုတ်ပေးနေတဲ့ ‘မုသာဝတီ’ ကိုပဲ အားပေးနေတုန်းကိုးဟ” ဟု ပြောကြပါ၏
“ဒီမယ်စိ မ်းမောင် . . . ဒီကောင်တွေ ဘယ်တုန်းကများ အမှန် လွှင့်ဖူးလို့လဲ”
“အဲ . . .”
“PDF တွေဘက်ကနေ ကောင်းကင်မြေပုံတွေ အတိအကျနဲ့ ဒရုန်းပျံသန်းမှုမှတ်တမ်းနဲ့ သူတို့တွေ ချခဲ့တဲ့နေရာတွေကို တင်ပေးထားတယ်လေ”
“ဟေ . . . . .”
“အေလာလေယာဉ်ကွင်းမှာ ဘယ်နှစ်စင်း၊ စစ်ရုံးပေါ်ကို ဘယ်နှစ်စင်း၊ မင်းတို့အဘ မအလရဲ့ အိမ်ပေါ်ကို ဘယ်နှစ်စင်းဆိုပြီး အတိအကျကို သတင်းထုတ်ပြန်ထားသဟ”
“ဘယ်နှစင်းပဲဖြစ်ဖြစ် ဗုံးဘယ်နှလုံးပဲပါပါ နစကက ရအောင်ပစ်ချနိုင်ခဲ့တယ်ကွ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
အဆိုကောင်းလှသည့် အဘလှဘူးက ဝင်၍ သုံးသပ်ပြသည်မှာ “ဘာပဲဖြစ်ဖြစ်ပေါ့ကွာ . . . တော်လှန်ရေးတပ်တွေရဲ့ ကာမီကာဇေ သေမင်းတမန်ဒရုန်းတွေဟာ ကြင်စိုး သာ၀ မအလရဲ့ ခေါင်းပေါ်အထိ ပျံဝဲရောက်ရှိလာနိုင်ပြီ ဆိုတာကတော့ အမှန်တရားပဲဟ” ဟု ပြောပါ၏။
“လှဘူး ပြောတာ အမှန်ပဲ . . . ဟဲ ဟဲ ဟဲ ဟဲ”
“ဘာ ‘ဟဲ ဟဲ ဟဲ ဟဲ’ လည်း မူးသာ”
“ခုလောက်ဆို မအလကြီးတော့ ' ဟောဗျ ' ဆိုတဲ့ သင်္ကြန်တေးတစ်ပုဒ်ကို ဂူအောင်းပြီး အဆိုကျင့်နေလောက်ပြီလို့ တွေးမိလို့ပါ လှဘူးရာ”
“ကြားချင် နားဆင်ချင်လှပါပေ၏”
သို့ဖြင့် ပရိသတ်၏ တောင်းဆိုချက်ကို အဘစောမူးသာက ဤသို့ဆိုကာ ဖြည့်ပါလေ၏ ခင်ဗျာ။
“ဟော ဟော ဟောဗျ . . .
ဗြုန်းခနဲဆို လန့်လိုက်တာဗျာ ဗြင်းလိုက်တာ နှက်လိုက်တာ
ဝေဟင်မှာ ဒရုန်းတွေစီ
လေယာဉ်တွေ ကွဲကုန်ပြီ
ကြောက်လိုက်တာ
အသည်းကို တုန်ရောဗျာ . . .”
(ခ)
“လွန်ခဲ့တဲ့နှစ်တွေက NUG ရဲ့ကာကွယ်ရေးဝန်ကြီးက ‘လေတပ်’ တည်ထောင်နေပြီလို့ အရိပ်အမြွက် ပြောတာကို မင်းတို့ မအလတွေက ဝိုင်းဟားခဲ့ကြသေးတယ်နော် စိမ်းမောင်”
“အဲ . . . . .”
“အဲသည်အချိန်ကတည်းက မင်းတို့မအလေတွကို ချပြခဲ့တာနော်။ အေး . . . တိုက်လေယာဉ်တွေရှိမှ ' လေတပ် ' ဖြစ်တာမဟုတ်ဘူးကွ”
“ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား"
“ဒီလိုပဲ . . . လက်လုပ်သေနတ်ဟာလည်း အသုံးချတတ်တဲ့လူအပေါ်ကိုမူတည်ပြီး တဖက်တပ်ကို အနိုင်ယူနိုင်တယ်၊ အသုံးပြုတတ်ရင် လောက်လေးနဲ့လည်း ရန်သူကို ခြိမ်းခြောက်နိုင်တယ်ဆိုတာ လက်တွေ့တွေပဲ စိမ်းမောင်ရ”
“ငါနဲ့ ဘာဆိုင်လို့လဲ လုံးတုံးရ”
“သြော် . . . ဗဟုသုတအဖြစ် ပြောတာပါဟ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
ဒီကနေ့တော့ အရွှင်အဘတွေက သုံးဦး ဖြစ်နေလေရာ အဘစိမ်းမောင်မှာ ခုခံနိုင်စွမ်း နည်းပါးပါလေပြီ။ စကားဝိုင်းကို အာရုံပြောင်းရန် အဘစိမ်းမောင်က သူ့ဖုန်းထဲမှ သီချင်းများကို ထဖွင့်ပါလေရာ အဘစောမူးသာ၊ အဘလုံးတုံးနှင့် အဘလှဘူးတို့က တိုင်ပင်မထားကြပါပဲ ဖေကြီးကို ပြုံးစိပြုံးစိနှင့် လှမ်းကြည့်ကြပါလေ၏။
အဘစိမ်းမောင်၏ ဖုန်းထဲမှ “နွေအလှ” အမည်ရ သင်္ကြန်တေးသံလေး ထွက်ချလာပါ၏။
“အချိန်တန် ဂိန်မာန် နွေဦးမယ်
မသွေအမှန် တောင်ပြန် လေရူးတယ်
ချိန်ခါ ဝေဆာ ပွင့်အလှထူးတယ်
အို ပိတောက်ဖူးရယ်”
“သင်္ကြန်ရေအေး အေးမြကြည်တယ်
လေးနှမနဲ့ ကြည်စယ်လို့ရယ်
ခါ နွေ တေး အလှသီမယ်
အပြုံးနဲ့ကြိုကွယ် . . . မေရယ်”
အရွှင်အဘတွေက ပြုံးဖြဲပြုံးဖြဲနှင့် လိုက်ညည်းနေကြပါ၏။ အဘစောမူးသာ၏ ထိုသီချင်း ဆုံးတော့ အဘစောမူးသာက “အဲသည်သီချင်းလေး ကောင်းတယ်ဟ” ဟုပြောပြီး ထိုအလိုက်ထဲမှာပင် သူ၏ ဇဝနဉာဏ်ဖြင့် စာမြှောင်ကပ်လက်တန်းသီချင်းတပုဒ်ကို အဟုတ်ဆိုချလိုက်ပါလေတော့သတည်း။
“အချိန်တန် ဂိန် မယ် နွေဦး ဝယ်
မသွေအမှန် ဆော်ပြန် အခြေထူးတယ်
ချိန်ခါ အေလာ ပြေးအလှထူးတယ်
အို အ ဘ ရူး ရ ယ် . . .”
“တော်လှန်ရေး သွေးက နီတယ်
ပြေးအဘနဲ့ ကြည်စယ်လို့ရယ်
တော်လှန်တေး အလှသီမယ်
ဒ ရု န်း နဲ့ ကြိုကွယ် ဧ ပ ရ ယ် . . .”
(ဂ)
စိမ်းသရဖူစိမ်း အဘစိမ်းမောင်ကား သူ၏ဖုန်းကို ဆတ်ခနဲ ပိတ်လိုက်ပါလေ၏။ ကျန်အရွှင်အဘတွေက “ဆက်ဖွင့်ပါဟ စိမ်းမောင်ရ . . . သင်္ကြန်အငွေ့အသက်ကလေးတွေ ရနေကာမှ”ဟု ဆိုလေရာ “ရီးတဲ့မှပဲ” ဟု ဆဲပါလေ၏။
“ဖွင့်ပါအုံးဟ စိမ်းမောင်ရ”
“ရီးမှ မဖွင့်တော့ဘူး သေနာတွေရဲ့”
“ဘာဖြစ်လို့လဲ သူငယ်ချင်းရာ . . .”
“မင်းတို့က နေရာတကာ အပြောင်အပြက်တွေချည်း လိုက်လုပ်တာကိုးဟ”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
သို့ဖြင့် အဘစိမ်းမောင်က သီချင်းမဖွင့်ပဲ တင်းခံနေလေရာ အဘလုံးတုံးက “ငါတပုဒ် ဖွင့်ပေးမယ်ဟေ့၊ လှဘူးက အဲသည်အလိုက်နဲ့ စာမြှောင်ကပ်ပြီး စာသားထည့်” ဟု ဆိုပါလေ၏။
အဘလှဘူးကလည်း “လုပ်လိုက်လေ၊ ကြာသလားလို့” ဟု တုံ့ပြန်ကာ စာရွက်နှင့် ဘောပင် ရှာပါ၏။
အဘလုံးတုံး၏ဖုန်းထဲမှ နာမည်ကျော် ‘နွေဦးကဗျာ’ သီချင်းသံလေး ထွက်ပေါ်လာပါလေရာ အဘလှဘူးကလည်း စည်းချက်လိုက်ကာ ခပ်မြန်မြန် ရေးခြစ်နေပါလေတော့၏။
“ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူ ကစဉ်
လက်ခုပ်သံ စည်းချက်လိုက်မှာလား . . .
ညီ ညီညာ ညှင်းသွဲ့သွဲ့
အတာရေသဘင်ပွဲရက်မှာ
ယှဉ်ပြိုင်ရင်း ကကွက်မျိုးစုံနဲ့”
“ဖော်ရွှေစွာပင် ဆီးလို့ကြိုနေမယ်
လှမ်းလာခဲ့ပေါ့ကွယ်
ညစဉ်ရက်ဆက်အတူ
ကဗျာနွေဦး တေးသွားအလှနဲ့
ကိုယ်လေမျှော်နေမယ် . . .”
“ရွှဲလို့စို အသည်းထဲစိမ့်အောင်လောင်းလေ
နွှဲကြမယ် မရိုးတဲ့သင်္ကြန်ပွဲမှာ
သာယာယာ အေးငြိမ့်ငြိမ့်
လေပြေမှာယိမ်းနွဲ့ကာ
စိုပြေတဲ့ ပိတောက်တို့ပွင့်ချိန်မယ် . . .”
“ခင်မင်စွာပင် ဆီးလို့ကြိုနေမယ်
မမောနိုင်ဘူးစိတ်ဝယ်
ညစဉ်ရက်ဆက်အတူ
ဖျော်ဖြေနေသူ အတွေးကူးစက်ကာ
ရင်မှာကျန်နေမယ် . . .”
ဖုန်းထဲမှ ‘နွေဦးကဗျာ’ ပြီးဆုံးသွားချိန်မှာပင် အဘလှဘူး၏ ရေးခြစ်ခြင်းလည်း ဆုံးခန်းတိုင်ပါ၏။ သို့ပေမဲ့ ဟိုနား ပြင်လိုက်၊ သည်နား ပြင်လိုက် ဆက်လုပ်နေတာ မြင်ရပါလေ၏။ ခဏနေတော့ “ပြီးပြီကွ” ဟု ပြောရာ အဘစောမူးသာနှင့် အဘလုံးတုံးတို့က “ပြီးရင် ဆိုပြလေကွာ” ဟု တောင်းဆိုကြပါ၏။
အဘလှဘူးက ရေနွေးတစ်ခွက် ကျိုက်ချကာ ‘အဟမ်း’ ဟု လည်ချောင်းရှင်းလိုက်ပြီးနောက် အသံနေအသံထား အပျံစားဖြင့် တင့်တင့်တယ်တယ် ထည်ထည်ဝါဝါကြီး ဆိုညည်းလိုက်ပါလေတော့သတည်း။
“ယိမ်းနွဲ့ကာ ဒရုန်းကွက်နဲ့အတူ ကစဉ်
လက်လုပ်သံ စည်းချက်လိုက်မှာလား . . .
ညီ ညီညာ ဗြင်းတည့်တည့်
မြန်ပြေတခွင် ပွဲရက်မှာ
ရင်ဆိုင်ရင်း ကကွက်မျိုးစုံနဲ့ . . .”
“ပေါ်တင်သာပင် ဆီးလို့ကြိုနေမယ်
လှ မ်း လာ ခဲ့ ပေါ့ ကွ ယ်
အသက်ရှင်လျက်မရှိချင်
ဒီမှာနွေဦး ဂန်းများအပြည့်နဲ့
ကိုယ်တွေမျှော်နေမယ် . . .”
“သွေးကစို အသည်းထဲစိမ့်အောင်လန့်သလေ
ပြေးကြတယ် အဘရဲ့တပ်တွေ ကွဲကာ
သာ ယာယာ အေး ငြိမ့်ငြိမ့်
အလံဖြူ ဖြူ ယိမ်းနွဲ့ကာ
ငိုနေတဲ့ ငကြောက်တို့ လစ်ချိန်မယ် . . .”
“မြင်သာစွာပင် ဗြင်းလို့ ဆော်နေမယ်
မမောနိုင်ဘူး စိတ်ဝယ်
စခန်းမှာ ရက်ဆက်အတူ
ဒီမှာနွေဦး ဒရုန်းတပ်ဖွဲ့ ဟာ
အစဉ်သာ နှံနေမယ် . . .”