Home
နိုင်ငံတကာ
တောင်တရုတ်ပင်လယ်၌ ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်နှင့် သြစတြေးလျတို့ ပူးပေါင်း စစ်ရေးလေ့ကျင့်
DVB
·
April 8, 2024
SouthChinaSea_08042024

တရုတ်နိုင်ငံဟာ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း မဟာဗျူဟာမြောက် ရေလမ်းကြောင်းမှာ စစ်ရေးလေ့ကျင့်နေတယ်လို့ ကြေညာလိုက်အပြီး ဂျပန်ကလည်း တောင်တရုတ်ပင်လယ်အတွင်း ရေတပ်နဲ့  လေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ အမေရိကန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်တို့နဲ့ ပူးပေါင်းခဲ့ပါတယ်။

ဖိလစ်ပိုင် စစ်တပ်၊ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်၊ သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့နဲ့ ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တို့ဟာ အနောက်ဖိလစ်ပိုင်ပင်လယ်မှာ ပထမဆုံး နိုင်ငံစုံ ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လှုပ်ရှားမှုကို တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းတွေအတွက် ဖိလစ်ပိုင်အစိုးရရဲ့ တရားဝင်သတ်မှတ်ချက်အတွင်း တနင်္ဂနွေနေ့က အောင်အောင်မြင်မြင် ဆင်နွှဲခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ “တဦးချင်းနဲ့ စုပေါင်းကာကွယ်ရေးစွမ်းရည်” ကို မြှင့်တင်ပေးမယ့် ခြေလှမ်းဖြစ်ပြီး နိုင်ငံလေးနိုင်ငံကြား “တည်မြဲတဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ မိတ်ဖက်ဆက်ဆံမှု” ကို မီးမောင်းထိုးပြတဲ့ လှုပ်ရှားမှုတွေရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဦးစီးချုပ် ဂီလ်ဘာတို တေအိုဒိုရိုက ပြောပါတယ်။

တချိန်တည်းမှာပဲ တရုတ်စစ်တပ်ကလည်း သူ့ရဲ့ တောင်ပိုင်းစစ်တိုင်းကွပ်ကဲမှုဌာနချုပ်ဟာ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုတရပ်ကို စီစဉ်ပြီး ရေကြောင်းနဲ့ ဝေဟင်မှာ ပူးတွဲကင်းလှည့်ခဲ့တယ်လို့ ဧပြီ ၇ ရက်မှာ ပြောပါတယ်။

တောင်တရုတ်ပင်လယ် တည်ငြိမ်ရေးကို နှောင့်ယှက်တဲ့ စစ်ရေးလှုပ်ရှားမှုအားလုံးကို ထိန်းချုပ်ထားတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ တင်ခဲ့တဲ့ ကြေညာချက်က ပြောပါတယ်။

ဒါဟာ လေးနိုင်ငံ စစ်ရေးလေ့ကျင့်မှုကို လျှပ်တပြက် တုံ့ပြန်ချက် ဖြစ်ပုံရတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

တခြားတောင်းဆိုသူတွေအပြင် အမေရိကန်နဲ့ ဂျပန်တို့ကလည်း ကန့်ကွက်နေပေမဲ့ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း ကျွန်းအများအပြားကို တည်ဆောက်ရင်း စစ်ရေးလေ့ကျင့်ဖို့ ကြီးမားတဲ့ မြေယာပြန်လည်ထူထောင်ရေး စီမံကိန်းကို လုပ်ဆောင်ခဲ့ပါတယ်။

တရုတ်ကထိန်းချုပ်ထားပြီး စစ်ဘက်အဆင့် လေယာဉ်ကွင်းတွေနဲ့ အဆင့်မြင့်လက်နက်တွေ တပ်ဆင်ထားတဲ့ ကင်းစခန်းတွေကို အဲဒီဒေသအတွင်း လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်တဲ့နေရာမှာ အသုံးချမှာကို အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေ စိုးရိမ်နေကြပါတယ်။

တနင်္ဂနွေနေ့က နှစ်ဖက် စစ်ရေးလေ့ကျင့်မှုဟာ ဂျပန်ဝန်ကြီးချုပ် ဖူမိယို ကီရှီဒါက အမေရိကန်မြို့တော် ဝါရှင်တန်ဆီ နိုင်ငံတော်ခရီးစဉ် မတိုင်မီ ရက်ပိုင်းအလိုမှာ ပေါ်ပေါက်ခဲ့တာပါ။

ကီရှီဒါဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ရော ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာနဲ့ပါ ပထမဆုံးအကြိမ် သုံးနိုင်ငံ ထိပ်သီးဆွေးနွေးခဲ့တာပါ။ ဒီထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်သုံးဦးဟာ ကာကွယ်ရေးနယ်ပယ် အပါအဝင် နယ်ပယ်အများအပြားမှာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆွေးနွေးသွားမှာဖြစ်ပြီး အမေရိကန်အစိုးရက “စုပေါင်းစွမ်းရည်” လို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု တိုးတက်ကောင်းမွန်လာစေရေး ရည်ရွယ်ချက်နဲ့ ဆွေးနွေးသွားမှာဖြစ်တယ်လို့ သဂျပန်တိုင်းမ်စ် သတင်းဌာနက ဧပြီ ၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ပိုင်နက်အငြင်းပွားမှုတွေဟာ တင်းမာမှုတွေကို ပိုမိုမြင့်မားလာစေပြီး တောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင်ကို ပိုအာရုံစိုက်လာတာဟာ တတိယကမ္ဘာစစ် စပြီး ဖြစ်သွားနိုင်တယ်လို့ တရုတ်အစိုးရက သတိပေးခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024