Home
မြန်မာသတင်း
မန္တလေးတွင် လေပြင်းတိုက်ပြီး ကား ၂ စီးပေါ်ကို သင်္ကြန်မုခ်ဦး ပြိုကျ
DVB
·
April 8, 2024
Mandalay Windy destroy 2Cars_08042024

မန္တလေးမြို့၊ ကျုံးတောင်ဘက် ၂၆ လမ်းမပေါ်မှာ ဧပြီ ၇ ရက် ည ၇ နာရီကျော်က လေပြင်းတိုက်ခိုက်မှုကြောင့် သင်္ကြန်ပွဲတော် ကျင်းပဖို့ တည်ဆောက်ထားတဲ့ မုခ်ဦး ကားနှစ်စီးပေါ် ပြိုကျပြီး ပျက်စီးမှုရှိခဲ့ကာ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

မြို့ခံတဦးက “တနေကုန် ရာသီဥတုက ပူတယ်။ ညနေစောင်းလောက်ကျ လေတိုက်တယ်။ အရမ်းတိုက်တာမျိုးတော့ မဟုတ်ဘူး။ မှောင်စပျိုးမှ လေတအားတိုက်တာ။ အလုပ်ကအပြန် အဲဒီနေရာကျမှ မီးသတ်ကားနဲ့ လူနာတင်ယာဉ်တွေ့လို့ ဝင်ကြည့်မှ သိတာ။ သစ်အပွတွေနဲ့ လုပ်ထားတာလေ။ ကားကတော့ ပျက်စီးသွားတယ်။ လူတော့ ဘာမှမဖြစ်ဘူး” လို့ DVB ကို ပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် သင်္ကြန်မုခ်ဦး တည်ဆောက်ထားတဲ့လမ်းက ကားတွေ ဖြတ်သန်းသွားလာစဉ် အိမ်စီးကားနှစ်စီးပေါ်ကို မုခ်ဦး ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်စဉ် သင်္ကြန်ပွဲကို စည်စည်ကားကား ကျင်းပနိုင်ဖို့ စစ်ကောင်စီက ငွေကြေးတတ်နိုင်သူတွေ၊ တရားမဝင်လုပ်ငန်း လုပ်ကိုင်သူတွေ၊ လောင်းကစားသမားတွေ၊ သစ်လုပ်ငန်းရှင်တွေနဲ့ ရပ်ကျေးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဆောင်ရွက်လေ့ရှိတယ်လို့ သိရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဧပြီ ၇ ရက် တိုင်းတာချက်များအရ မန္တလေးတိုင်းမှာ နောက်နှစ်ရက်အတွင်း အပူချိန်တိုးနိုင်ပြီး လေပြင်းတိုက်ခိုက်မှုတွေလည်း ရှိနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024