ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ စစ်မှုထမ်းတာ ဆိုင်းငံ့ဖို့အတွက် စစ်ကောင်စီတပ်က ရပ်ကွက်တခုကို သိန်း ၃၀၀ ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကြီးမြို့ပေါ်ရပ်ကွက် ၂၂ ခုက ရပ်ကွက်တချို့မှာတော့ မတ်လကတည်းက အပြီးသတ် ကောက်ခံခဲ့ပြီး တချို့ရပ်ကွက်တွေမှာတော့ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူတွေညှိနှိုင်းနေဆဲ ဖြစ်တဲ့အတွက် ဧပြီလမှာ အကုန်အပြီးသတ် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ကျမတို့ ဘုရားဖြူမှာက နယ်မြေ ၁၀ ကျော်တယ်၊ နယ်မြေတခုကို လူ ၃ ယောက် ထည့်ပေးရမယ်ပေါ့၊ ဆိုတော့ တအိမ် ၁ သိန်းကျတယ်။ ဒါပေမဲ့ တခြားရပ်ကွက်မှာဆို တရပ်ကွက်လုံးမှ သိန်း ၃၀၀။ ကျမတို့က နယ်မြေအလိုက်ကောက်တော့ ပိုထည့်ပေးရတယ်။ နယ်မြေ ၁၂ ခုဆိုရင် သိန်း ၃,၀၀၀ ကျော်ရှိနေပြီ။ ဒီလိုထည့်ပေးရင် ကိုယ့်ရပ်ကွက်ထဲက ကလေးတွေ စစ်မှုထမ်းမသွားရဘူးဆိုတော့ ထည့်ဖို့ အုပ်ချုပ်ရေးမှူးတွေက ပြောတယ်။ မဲပေါက်ပြီးသား ကလေးတွေလည်း မသွားရတော့ဘူး။ လူစားလဲပေးမယ် ပြောတာပဲ” လို့ ပြောပါတယ်။
စစ်မှုထမ်းစရိတ်ကို လာမယ့် သင်္ကြန်ကာလမှာ မဖြစ်မနေ ပေးဆောင်ဖို့ သတ်မှတ်ထားတဲ့အပြင် စစ်မှုထမ်းခေါ်ယူမယ့် အချိန်တိုင်း အခုလို ဆက်လက်ကောက်ခံသွားမှာလို့လည်း အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးတွေမှာ ပြောဆိုထားပါတယ်။
မြို့မရပ်ကွက်နေ ကိုယ်တိုင်ကြုံတွေ့ရသူ ပြည်သူတယောက်က “ထည့်ရင်တော့ သူတို့ လူစားထိုးပေးမယ်ပေါ့။ ကောက်တာလည်း သူတို့ မဟုတ်ဘူးပေါ့။ အထက်က ကောက်တယ် ပြောတာပဲ။ ကျနော်တို့ရပ်ကွက်ကလည်း ၁ သိန်းကနေ ၂ သိန်းကြား ပေးရတယ်။ အစက စစ်မှုထမ်းသွားတဲ့လူကို ထောက်ပံ့ဖို့ဆိုပြီး ကောက်တာ။ နောက်တော့ လူစားလဲပေးမယ်ဆိုပြီး ထပ်ပြောလာတာ။ ဘယ်လိုဖြစ်ဖြစ် ပိုက်ဆံက ထည့်ပေးရတာပဲ။ အခုတသုတ်အတွက် ထည့်ပေးပြီးရင် ထပ်ထပ်ပြီးထည့်ပေးရမှာ” လို့ပြောပါတယ်။
အလားတူ ညောင်ရွှေမြို့နယ်နဲ့ ကလောမြို့နယ်တို့မှာလည်း စစ်မှုထမ်း လူစားလဲဖို့ ငွေကြေးကောက်ခံတာတွေ ရှိနေပြီး အိမ်ခြေနည်းတဲ့ မြို့နယ်တွေမှာတော့တော့ တအိမ်ကို ၃ သိန်းအထိ ထည့်ဝင်ရတာရှိတယ်လို့ သိရပါတယ်။
တောင်ကြီးမြို့မှာ စစ်မှုထမ်းယာယီဆိုင်းငံ့ဖို ကောက်ခံနေတာအပြင် သင်္ကြန်ပွဲအတွက်လည်း အရပ်ဝတ်နဲ့ရဲတွေက တအိမ်တက်ဆင်း အလှူငွေ လာကောက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။