Home
ဆောင်းပါး
အာဏာသိမ်းအဖွဲ့၏ ဗဟိုချက်မသို့ ကျယ်ပြန့်လာတော့မည့် စစ်ပွဲ
DVB
·
April 7, 2024
ArticleHlaSoeWai_07042024

အဆိုပါခေါင်းစ‌ဉ်ဖြင့် မြန်မာစစ်ရေးကို အစ‌ဉ်တစိုက် သုံးသပ်လာသည့် အန်သနီဒေးဗီက အေးရှားတိုင်းမ်တွင် ယခုလို သုံးသပ်တင်ပြလာခဲ့သည်။ စစ်တပ်အတွင်း လက်ရှိ ခံယူချက်များ အပါအဝင် ဖြစ်လာနိုင်သည်များအား ဆောင်းပါးရှည်ကြီးဖြင့် အသေးစိတ် သုံးသပ်ထားခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ အင်အားချိန်ခွင်လျှာကို ကပြောင်းကပြန် ဖြစ်သွားစေခဲ့သည့် ထိုးစစ်ကြီးသည် ပွင့်လင်းရာသီ မကုန်ဆုံးမီမှာပင် ၂၀၂၄ နှစ်ကျန်နှင့် ၂၀၂၅ အတွက် ပဋိပက္ခ၏ ကောက်ကြောင်းအား နက်ရှိုင်းစွာ ပုံဖော်လာခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် လများအတွင်း နယ်ခြားဒေသများအား အင်အားတောင့်တင်းလှသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက အသီးသီး သိမ်းယူနိုင်ခဲ့ကြပြီး စစ်ကောင်စီတပ်များ ဆက်တိုက်ဆိုသလို အရှုံးနှင့် ရင်ဆိုင်နေကြရသည်။

လာမည့် မိုးရာသီနှင့် နောက်ပိုင်းတွင်တော့ ဗမာအများစုနေထိုင်ရာ နိုင်ငံအလယ်ပိုင်းတွင် တိုက်ပွဲများ သေချာပေါက် ပြင်းထန်လာဖို့ ရှိနေသည်။ ထိုတိုက်ပွဲများသည် ယခင်ကနှင့်မတူဘဲ တမူထူးခြားလာမည်လည်း ဖြစ်သည်။

နေပြည်တော်တွင် ကျဉ်းထဲကျပ်ထဲ ရောက်နေသော အာဏာသိမ်းအဖွဲ့အတွင်း နိုင်ငံရေးအရ ပေါက်ကွဲမှု ဖြစ်မလာခဲ့လျှင်ပင် ၎င်းတို့ဆီသို့ စစ်ပွဲကြီးသည် ရွေ့လျားလာတော့မည် ဆိုသည်မှာ သိသာထင်ရှားနေပေသည်။ ထိုအခါတွင်တော့ တစုတစည်းတည်းမရှိဘဲ နေရာပေါင်းစုံမှ ထိုးနှက်လာဖို့ ရှိနေ‌၍ ပို၍လည်း ပြင်းထန်ပြီး ပျက်စီးဆုံးရှုံးမှု အများအပြားနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။ လူထုအတွက်လည်း ဆိုးဝါးသော အကျပ်အတည်းများ ဖြစ်ပေါ်လာတော့မည်လည်း ဖြစ်သည်။

အဆိုးဆုံးအနေအထားကို မှန်းဆရမည်ဆိုက ၁၉၇၀ ကျော်နှစ်များအတွင်း အင်ဒိုချိုင်းနားစစ်ပွဲ ကာလမျိုး အရှေ့တောင်အာရှတွင် တဖန်ပြန်၍ ကြုံလာရဖို့ ရှိနေသည်။

လက်ရှိ စစ်တပ်၏ စစ်မြေပြင်တွင် အရေးနိမ့်နေမှုများ၊ လက်အောက်ငယ်သားများအတွင်း စိတ်ဓာတ်ကျဆင်းလာနေမှုများကြောင့် စစ်ပွဲသည် ပြင်းထန်လာဖို့ ရှိနေသော်လည်း တိုတိုတောင်းတောင်းနှင့် ပြီးဆုံးသွားနိုင်ပေသည်။ အမျိုးသားညီညွတ်ရေးအစိုးရက ဒီဇင်ဘာလ အကုန်ပိုင်းတွင် ထုတ်ဖော်ပြောဆိုထားသည့် “မဟာဗျူဟာမြောက် ထိုးစစ်” ဖြင့် စစ်ကောင်စီတပ်များ အားနည်းလာပြီး ညီညွတ်မှု ပြိုလဲသွားသည်အထိ ဖြစ်လာရန် အဓိကထား တွန်းအားပေးသွားမည် ဖြစ်သည်။

ထိုသို့ တော်လှန်ရေးဘက်က ခန့်မှန်းထားသလို အာဏာသိမ်းအဖွဲ့ မည်မျှမြန်မြန် ပြိုဆင်းသွားမည် ဆိုသည်က စောင့်ကြည့်ရဖို့ ရှိနေဆဲပင် ဖြစ်သည်။ လက်ရှိတွင်တော့ တွေ့လာရသည့် လက္ခဏာများအရမူ မြန်မြန်ပြိုလဲသွားမည်‌လော၊ မရမက တိုက်ယူရမည်လော ဆိုသည့် အကောင်းနှင့် အဆိုး ဒွန်တွဲနေဆဲပင် ဖြစ်သည်။

မေလတွင် ကုန်ဆုံးမည့် ပွင့်လင်းရာသီအတွင်း တိုင်းရင်းသား လက်နက်ကိုင်များ သီးခြားစီ ဆင်နွှဲလာသည့် ထိုးစစ်ကြီးသုံးခုသည် မြန်မာပြည်၏ စစ်ရေးနှင့် အုပ်ချုပ်ရေး မြေပုံကို စစ်ကောင်စီအဖို့ ပြန်၍ ပြင်ဆင်နိုင်စွမ်း မရှိ‌လောက်အောင် အပြီးအပိုင် ရေးဆွဲနိုင်ခဲ့ပြီ ဖြစ်သည်။

ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့၏ အောက်တိုဘာလအတွင်း စတင်ခဲ့သော ၁၀၂‌၇ ထိုးစစ်ဖြင့် ရှမ်းမြောက်တခွင်နှင့် အဓိက ကုန်သွယ်ရေးလမ်းကြောင်းများကို သိမ်းယူနိုင်ခဲ့သည်။

တဖန် ညီနောင်သုံးဖော်တွင် ပါဝင်နေသည့် ရက္ခိုင့်တပ်တော်ကလည်း စနစ်တကျ ပြင်ဆင်ကာ ၎င်းတို့ဒေသတွင် တပြိုင်တည်းနီးပါး ထိုးစစ်စတင်လာခဲ့ပြီး ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းကို စစ်ကောင်စီအား ဓားနှင့် နုပ်နုပ်စဉ်းသလိုဖြစ်အောင် တိုက်ခိုက်ကာ ထိန်းချုပ်လာနိုင်ခဲ့သည်။

မတ်လအစောပိုင်းတွင်တော့ ကချင်လွတ်လပ်ရေးတပ်တော် ကေအိုင်အေ၏ အလှည့် ရောက်လာခဲ့သည်။ ၎င်းတို့၏ မဟာဗျူဟာမြောက် ထိုးစစ်ဖြင့် နှစ်ပတ်ပင် မပြည့်သေးသည့် တိုတောင်းသော အချိန်အတွင်းမှာပင် ဌာနချုပ်ရှိရာ လိုင်ဇာပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်များကို မောင်းထုတ်ပစ်နိုင်ခဲ့သည်။ ထို့ပြင် ပြည်နယ်မြို့တော် မြစ်ကြီးနားနှင့် ဧရာဝတီမြစ် ဆိပ်ကမ်းမြို့ဖြစ်သော ဗန်းမော်အကြား မဟာဗျူဟာကျသည့် လမ်းမကြီးတလျှောက်ရှိ စစ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ကြသည်။

စစ်ကောင်စီတပ်များသည် ထိုးစစ်များဆင်ခဲ့သည့် ဒေသများရှိ အဓိကမြို့ကြီးများဖြစ်သော လားရှိုး၊ စစ်‌တွေ၊ မြစ်ကြီးနားတို့တွင်သာ ကြံ့ကြံခံနေရသည့် အနေအထား ရောက်လာခဲ့သည်။ ယင်းသည် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များသည် လပေါင်းများစွာကြာအောင် စနစ်တကျ ပြင်ဆင်နိုင်ခဲ့ခြင်းကြောင့် ပေါ်ထွက်လာသည့် အသီးအပွင့်များပင် ဖြစ်သည်။ စစ်တပ်အဖို့ သမိုင်းတလျှောက် မကြုံခဲ့ဘူးသည့် လူအင်အား၊ လက်နက်အင်အားနှင့် စိတ်ဓာတ်ရေးရာပိုင်းတွင် အပြင်းအထန် ထိုးနှက်ခံခဲ့ရသည်။

တိုက်ပွဲများတွင် ၎င်းတို့၏ အကျအဆုံးများအား ထုတ်ပြန်သည့် စာရင်းဇယားများထက် ထွက်ပေါ်လာသော အနေအထားကို ကြည့်၍ ခန့်မှန်းရမည်ဆိုလျှင် သေဆုံး၊ ဖမ်းဆီးခံရ၊ လက်နက်ချသူ အနည်းဆုံး ရှစ်ထောင်နှင့် တသောင်းအကြား ရှိနေသည်။

ဤသည်ကလည်း သိန္နီရှိ ဒကစ ၁၆၊ ကျောက်တော်ရှိ ဒကစ ၉၊ မင်းပြားရှိ စစ်သင်တန်းကျောင်း အပါအဝင် တပ်ရင်းတပ်မဌာနချုပ် သုံးဆယ်ခန့်နှင့် စခန်းငယ် ရာပေါင်းများစွာ လက်လွှတ်ခဲ့ရမှုကို ကြည့်ပြီး လျှော့လျှော့ပေါ့ပေါ့ ခန့်မှန်းထားခြင်းပင် ဖြစ်သည်။

ထိုအထဲတွင် ဇန်နဝါရီအစောပိုင်း လောက်ကိုင်တွင် ဒေသစစ်ဆင်ရေးဌာနချုပ်တခုလုံး လက်နက်ချပြီး ပြန်‌ပို့ခံရသည့် တပ်အင်အား ၄,၀၀၀ ခန့်ကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေး။ လာမည့်အပတ်များအတွင်း စစ်တွေရှိ ဌာနချုပ်အားလည်း လက်လွှတ်ရဦးမည်ဖြစ်၍ အကျအဆုံးများ ရှေ့လျှောက် ပိုများလာဖို့သာ ရှိသည်။

ထိုအနေအထားအား ကြည့်၍ စစ်ခေါင်းဆောင်များ ထိတ်လန့်တုန်လှုပ်လာပြီး ဖေဖော်ဝါရီလ အတွင်း စစ်မှုထမ်းဥပဒေ ဆိုသည်ကို ပြန်၍ အသက်သွင်းကာ လူသစ်စုဆောင်းရသည်အထိ ဖြစ်လာခဲ့သည်။

ဆုံးရှုံးသွားရသည့် လက်နက်ကြီးများ၊ လက်နက်ငယ်များ ပမာဏသည်လည်း နည်းနည်းနောနော မဟုတ်ပြန်၍ စိုးရိမ်စရာ ကောင်းလာရပြန်သည်။ ထိုအထဲတွင် ၁၂၂ မမ၊ ၁၅၅ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများ၊ သံချပ်ကာယာဉ် အနည်းဆုံး အစီး ငါးဆယ်ခန့် ပါဝင်နေသည်။ ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့အား တခါမျှ မသုံးခဲ့ရသည့် လက်နက်ကြီးများ တပ်ဆင်‌ပေးလိုက်ခြင်းပင် ဖြစ်သည်။

စစ်ကောင်စီအဖို့ ထိုသို့ လူသူ လက်နက်အင်အား ဆုံးရှုံမှုများအကြား တပူပေါ် နှစ်ပူဆင့် ဖြစ်လာရသည်က ၎င်းတို့အား နိုင်ငံ၏ မြောက်ပိုင်း အရှေ့၊ အနောက်နှင့် အရှေ့တောင်ဘက်မှ ဝိုင်းပတ် ပိတ်ဆို့ ခံလာနေရခြင်းပင် ဖြစ်သည်။ ၎င်းတို့ အခိုင်အမာ ခြေကုပ်ယူထားသည့် နိုင်ငံအလယ်ပိုင်းတွင်လည်း လူထု၏ ဆန့်ကျင်တွန်းလှန်မှုများနှင့် ရင်ဆိုင်နေရပြန်သည်။

ထိုသို့ အပြန်အလှန် ဆက်စပ်‌လာနေသည့် အခြေအနေများကို စစ်ရေးသီအိုရီအရဖြင့် ခြုံငုံ သုံးသပ်ရမည်ဆိုလျှင်ပင် လက်ရှိ အာဏာသိမ်းအဖွဲ့၏ကျဆုံးခန်း ဆိုက်လာတော့မည်သာ ဖြစ်သည်။

သို့သော် အဆောတလျှင် ဖြစ်လာနိုင်မည်ဟု ပြောရန် စောလွန်းနေသေးသည်။ ဤသည်ကလည်း စစ်တပ်၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်း အခြေအနေများကို ထည့်သွင်းတွက်ချက်ရန် လိုအပ်နေသေး၍ ဖြစ်သည်။

စစ်တပ်အသိုက်အဝန်းသည် နိုင်ငံကို နှစ်ပေါင်းများစွာ ခြယ်လှယ် အခွင့်ထူးခံလာကြသူများ ဖြစ်ပြီး ဤသည်ကိုလည်း တိုင်းပြည် အချုပ်အခြာအာဏာကို ကာကွယ်နေရခြင်းသာမက မည်သို့မျှ လက်လွှတ် အဆုံးရှုံခံ၍မရသည့် နိုင်ငံ၏ ဝိညာဉ်ဟုပင် စိတ်ထဲစွဲလာကြသည်။ ထို့ပြင် ပြည်ပကိုလည်း မယုံသင်္ကာ ဖြစ်စရာအဖြစ် သိသိသာသာ စွဲထင်နေခြင်းများကြောင့် ၎င်းတို့ အဖွဲ့အစည်း တသက်လုံး ရလာသည့် အခွင့်အရေးများအား ကာကွယ်ရန်အတွက် ကျားကုတ်ကျားခဲ တိုက်ခိုက်လာနိုင်သည်။

ထိုသို့ စစ်တပ်နှင့် ၎င်းတို့အား ထောက်ခံနေသူများ၏ စိတ်ထဲ စွဲလာအောင် ၁၉၅၀ ကျော် နှစ်များအတွင်း ဖြစ်ခဲ့သည့် ဇာတ်ကြောင်းများက ပံ့ပိုးပေးနေကြပြန်သည်။ ထိုစဉ်က နိုင်ငံအလယ်ပိုင်းတွင် ပေါ်ပေါက်လာသည့် ရောင်စုံသူပုန် သောင်းကျန်းမှုကို စစ်တပ်သည် အပြီးသတ် နှိမ်နှင်းနိုင်ခဲ့ခြင်း ဆိုသည်ပင် ဖြစ်သည်။

သို့သော် လက်ရှိတွင် အောက်ခြေ အရာရှိ အရာခံ အကြပ်တပ်သား အများစုအဖို့က ထိုသို့ အဓိပ္ပာယ်အကောက်လွဲလာသည့် ဇာတ်ကြောင်းများထက် ပို၍ စိတ်ထဲစွဲနေသည်က စစ်စည်းကမ်း၊ လစာ၊ မိသားစုနှင့် တိုက်ဖော်တိုက်ဖက် ရဲဘော်များကို ကာကွယ်သွားရမည် ဆိုသည့် ခံယူချက်များသာ ရှိနေသည်။

စစ်လက်နက်များ ဆုံးရှုံးသွားခဲ့ရသည့် ပမာဏသည် နည်းနည်းနောနော မဟုတ်သော်လည်း ၎င်းတို့စိတ်ထဲတွင် လက်ရှိတိုက်ပွဲများကို အဆုံးအဖြတ် ပေးနိုင်လောက်အောင်အထိ ဖြစ်မလာဟု ခံယူထားပြန်သည်။

ထောက်လှမ်းရေးသတင်းရပ်ကွက်တခု၏ အစမ်းသဘော သုံးသပ်ချက်များအရ တပ်အင်အားသည် ၇၀,၀၀၀ ဝန်းကျင်သာရှိပြီး ရဲနှင့် ပြည်သူ့စစ်အဖွဲ့များဖြင့် ဝိုင်းရံထားပြီး ကွပ်ကဲမှုတခုတည်းအောက်တွင် ရှိနေသည်။ ထိုအရည်အတွက်အား တသီးပုဂ္ဂလိက လေ့လာသူ အားလုံးက တညီတညွတ်တည်း သဘောတူညီထားကြသည်။

ထို့အပြင် နိုင်ငံဗဟိုချက်တွင် ရှိနေသော တပ်အချို့သည် စစ်အုပ်ချုပ်ရေးအား အကာအကွယ် ပေးနေရသည့် မြို့စောင့်အဆင့်မျိုးသာ ရှိနေပြန်သည်။

ထိုတပ်များသည် မတ်လ ၂၇ လက်နက်ကိုင်တပ်ဖွဲ့များနေ့တွင် ချီတက်ကြရလေ့ရှိပြီး ၎င်းတို့အား နေပြည်တော်၊ ရန်ကုန် စစ်ဌာနချုပ်နှင့် အထူးတပ်ဖွဲ့များ၊ လေထီးတပ်များ အောက်မှ စုစည်းခေါ်ယူခဲ့ခြင်း ဖြစ်သည်။ မိတ္ထီလာ၊ မကွေး၊ ပဲခူး၊ ပခုက္ကူရှိ အထိနာနေသော ခြေမြန်တပ်မဌာနချုပ်များမှ ရသလောက် အင်အားကို ထုတ်နုတ်ယူခဲ့ခြင်းပင် ဖြစ်သည်။

ထိုတပ်များသည် နာဇီပါတီအား ကာကွယ်စောင့်ရှောက်ရန် ဖွဲ့စည်းထားသည့် Waffen SS တပ်များလို စစ်စည်းကမ်းအပြည့်နှင့် လက်နက်ကောင်းများ တပ်ဆင်ပေးထားခံရသူများ မဟုတ်ကြ၊ ထွက်ပေါက်မရှိဖြစ်လာက ကျားကုတ်ကျားခဲလည်း ခံတိုက်ကြမည့်လူများလည်း မဟုတ်ပေ။

ရှေ့လာမည့် လများအတွင်း အလယ်ပိုင်း မြေပြန့်ဒေသများတွင် တိုက်ပွဲများ ပျံ့နှံ့လာဖို့ ရှိနေရာ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်လာသည့် ဒေသများရှိ မြို့ပြများကို စစ်တပ်သည် လေကြောင်းပစ်ကူနှင့် လက်နက်ကြီးများသုံး၍ ဖျက်ဆီးပစ်ရန် အနည်းငယ်မျှပင် ဝန်လေးကြမည် မဟုတ်ပေ။ ယခုထိ တိုက်ပွဲများတွင် ထိထိရောက်ရောက် မသုံးရသလောက် နီးပါး ဖြစ်နေသည့် သံချပ်ကာယာဉ်များကို အသုံးချလာဖို့လည်း ရှိနေသည်။

တဖက်တွင်လည်း ၂၀၂၁ ကတည်းက ဖွဲ့စည်းလာခဲ့သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည်လည်း စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် တနင်္သာရီ တောင်ပိုင်းဒေသများတွင် ပြောက်ကျားစစ်ဆင်ရေးကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆင်နွှဲနိုင်နေကြပြီ ဖြစ်သည်။

သို့သော် ၎င်းတို့သည် အကျအန ပြင်ဆင်လေ့ကျင့်ပြီး လက်နက်အပြည့်အစုံနှင့် တိုက်ခိုက်ခဲ့ကြသည့် တိုင်းရင်းသား တော်လှန်ရေးတပ်များလို မဟုတ်ဘဲ လျော့တိ‌လျော့ရဲ ဖွဲ့စည်းခဲ့ရသည့် PDF တပ်များအဖို့ အသေးစား လက်နက်ငယ်များဖြင့်သာ တိုက်ရင်းခိုက်ရင်းက လေ့ကျင့်ခဲ့ရသူများ ဖြစ်‌နေသည်။

သေနင်္ဂဗျူဟာအရ ဦးတည်ချက်မရှိ၊ နည်းဗျူဟာမြောက် ထိန်းချုပ်ကွပ်ကဲမှုလည်း မရှိက အားပျော့နေမည်သာ ဖြစ်သည်။ အင်နှင့်အားနှင့် စစ်ကစားလာသော ရန်သူတပ်များကို ရင်ဆိုင်ပြီး ကြံ့ကြံ့ခံ ထိုးစစ်ဆင်နွှဲသွားရန် ဖွဲ့စည်းမှုနှင့် လက်နက်ကိရိယာများ လိုအပ်နေဆဲ ဖြစ်သည်။ အတိုချုပ်ပြောရမည်ဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင်များသည် ထိုသို့ ထိုးစစ်ကြီးဆင်နွှဲရန် အသင့်အနေအထားရှိနေပြီး PDF များအဖို့ မရှိသေးဟု ဆိုရမည်သာ ဖြစ်သည်။

ထိုသို့ ကွာဟနေမှုများကြောင့် စစ်ကောင်စီ၏ လူဦးရေထူထပ်သော အချက်အချာ နေရာများကို ရည်ရွယ်တိုက်ခိုက်ရမည့် စစ်ပွဲများသည် ပြင်းထန်ပြီး ရေရှည်ဖြစ်လာနိုင်သည်နှင့်အမျှ အကျအဆုံး ပိုများလာဖို့ ရှိနေသည်။ ယခုလက်ရှိ စစ်ဘေးရှောင်အရေအတွက် ၂ ဒသမ ၃ သန်းသည် ထိုအခါတွင်တော့ မပြောပလောက်သော အရေအတွက်သာ ဖြစ်သွားပေဦးမည်။

ထိုအနေအထားကို ‌လျော့ပါးသွားအောင် သို့မဟုတ် ရှောင်ရှားနိုင်အောင် အလျင်းသင့်သလို လုပ်သွားနိုင်သည့် အရေးပါသော အကြောင်းခြင်းရာနှစ်ရပ် ရှိနေသည်။

အရေးပါဆုံးလည်းဖြစ်သည့် ပထမအကြောင်းခြင်းရာသည် စစ်‌ရေးစွမ်းရည်နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များက မြေပြန့်ရှိ PDF များကို လေ့ကျင့်ပေးမှုနှင့် ထောက်ပို့အရှိန်အဟုန်ကို မည်မျှအတိုင်းအတာအထိ မြှင့်တင်သွားနိုင်မည်၊ ဖြစ်နိုင်လျှင် စစ်အင်အားအရပါ ပံ့ပိုးပေးနိုင်မည် ဆိုသည်နှင့် ဆက်စပ်နေသည်။

ထိုလုပ်ငန်းစဉ်များသည် ကချင်၊ ကရင်နှင့် တအောင်း ဒေသများတွင် တော်လှန်ရေး စကတည်းက ရှိနှင့်ထားပြီး ဖြစ်သည်။

သို့သော်လည်း လာမည့်လများအတွင်း PDF တို့၏ တိုက်စွမ်းရည်ကို မြှင့်တင်သွားနိုင်ရေးနှင့် နောက်ပိုင်းတွင် ယခုထက်ပို၍ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များအကြား “စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်သွားနိုင်သည့်” ညွှန့်ပေါင်းတပ်ဖွဲ့အဆင့်ရောက်အောင် မြှင့်တင်သွားရမည် ဖြစ်သည်။

တိုင်းရင်းသားအဖွဲ့များ မကြာသေးမီက သိမ်းယူနိုင်ခဲ့သော လက်နက်ကြီးများ၊ အထူးသဖြင့် လေယာဉ်ကို ထိမှန်အောင် ပစ်ခတ်နိုင်သော စက်သေနတ်များ၊ မော်တာများကို PDF များအား တပ်ဆင်ပေးဖို့ လိုအပ်လာပေလိမ့်မည်။

တိုင်းရင်းသားများနှင့် ဗမာများအကြား ဆက်ဆံရေးသည် မကြာခဏ ဆိုသလို အဖုအထစ်များ ရှိနေတတ်သဖြင့် ထိုသို့ မဟာဗျူဟာမြောက် ဦးဆောင်လှုပ်ရှားနိုင်ဖို့ အရေးတွင် နိုင်ငံရေးနှင့် ဘဏ္ဍာရေးပိုင်းများတွင် အဟန့်အတားများ သိသိသာသာ ရှိနေခဲ့သည်။ မည်သို့ဆိုစေ  လတ်တလော အနာဂတ်အတွက် သေရေးရှင်ရေး ဆုံးဖြတ်ရဖို့ ဖြစ်လာချိန်တွင် အတိတ်ကို အတိတ်တွင်သာ ထားရှိရတော့မည် ဖြစ်သည်။

တရုတ်၏ အခန်းကဏ္ဍသည်လည်း အရေးပါနေသည်။ တရုတ်သည် ၎င်း၏အရှိန်အဝါကို သုံးပြီး PDF များအား ကြီးကြီးမားမား အကူအညီမျိုး မပေးရန် ညီနောင်မဟာမိတ်အဖွဲ့အား ကန့်သတ်တားမြစ်လာဖို့ ရှိမရှိ သဲသဲကွဲကွဲ မသိရသေးပေ။ သို့မဟုတ်ကလည်း စစ်ကောင်စီအလွန် အနာဂတ်တွင် အချက်အခြာ ဒေသများရှိ ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်သွားနိုင်ရေးအတွက် PDF များအား  ညီနောင်သုံးဖော် မဟာမိတ်များအဖြစ် တဆင့်ခံ အသုံးချ၍ ရသည်ဟု ရှုမြင်လာနိုင်သည်လား ဆိုသည်ကလည်း မသဲကွဲသေးပေ။

ဒုတိယအကြောင်းခြင်းရာသည်ကား PDF များအနေဖြင့် စစ်ရေးမဟာဗျူဟာကို တစုတစည်းတည်း ချမှတ်ကျင့်သုံးသွားနိုင်မှုပေါ်တွင် မူတည်နေပေသည်။ အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှု မရှိဘဲ “မဟာဗျူဟာမြောက် ထိုးစစ်ကြီး” ဆင်နွှဲခဲ့ခြင်း၏ အန္တရာယ်ကို ကောလင်းက ကောင်းစွာ မီးမောင်းထိုးပြနိုင်ခဲ့ပြီ ဖြစ်သည်။

လွတ်မြောက်နယ်မြေ အုပ်ချုပ်ရေးဒေသအဖြစ် ပုံဖော်နိုင်ရန် NUG က ကြိုးပမ်းခဲ့သော်လည်း ယခုအခါ စစ်တပ်က တမြို့လုံးပြာကျအောင် ဗုံးကြဲတိုက်ခိုက်ပြီး ပြန်သိမ်းသွားနိုင်သည့် အခါတွင်တော့ သိမ်းယူစဉ်ကတည်းက ဘာဖြစ်လျှင် ဘာလုပ်မည် ဆိုသည့် အသေးစိတ် အစီအစဉ်များ မရှိခဲ့ရသနည်းဟု မေးခွန်းထုတ်လာခဲ့ကြသည်။

မတ်လ အစောပိုင်းတွင် နောက်ထပ် အခွင့်အရေးအဖြစ် ချင်းတွင်းမြစ်ကမ်းရှိ ကနီမြို့တွင် ရရှိလာခဲ့ပြန်သည်။ မြို့ကို PDF တပ်ပေါင်းစုက သိမ်းပိုက်လုနီးနီး ဖြစ်လာခဲ့ပြီးနောက်တွင် စစ်တပ်က အပြင်းအထန် ခုခံလာ၍ ပြန်ဆုတ်ပေးခဲ့ရသည်။

စစ်စခန်းအများစုဆီ တသီးတခြားစီ ဖြစ်နေတတ်၍ အားပျော့နေတတ်သော်လည်း စစ်ပွဲ၏ လက်ရှိအနေအထားတွင် မြို့ကိုသိမ်းယူရန် ကြိုးပမ်းခဲ့ခြင်းသည် စစ်တပ်၏ အင်နှင့်အားနှင့် တိုက်ခိုက်လာအောင် ဖိတ်ခေါ်သလို ဖြစ်လိမ့်မည်။ ထိုသို့ဖြစ်လာလျှင် PDF တို့ တောင့်ခံမထားနိုင် ဆိုသော ပကတိ အမှန်တရားကို ထိုဖြစ်စဉ်နှစ်ခုစလုံးက ထင်ဟပ် ပေါ်လွင်စေခဲ့သည်။ PDF တို့ အောင်ပွဲများရနေသည့် စစ်ကိုင်းတိုင်း အတွင်းတွင်ပင် ထိုသို့ ဖြစ်သွားခဲ့သည်ဆိုလျှင် မန္တလေးနှင့် မကွေးဒေသများတွင် သေချာပေါက် တိုက်ထုတ်ခံရမည် ဖြစ်သည်။

ဟန်ချက်ညီညီ ညှိနှိုင်းဆောင်ရွက်မှု မရှိဘဲ အခွင့်သာလျှင် အခွင့်သာသလို လုပ်မည်ဆိုက လူနေထူထပ်သည့် မြို့ပြဒေသများကို မရွေးဘဲ အောင်မြင်ဖို့ အခွင့်အလမ်း ပိုများသည့် စစ်တပ်အတွက် ဆက်သွယ်ရေးနှင့် ထောက်ပို့ပိုင်းတွင် အသက်သွေးကြောလို ဖြစ်နေသည့် နေရာများကိုသာ ရွေးချယ်သင့်သည်။ ဤသို့ဖြင့် အဝေးပြေးလမ်းများကို တဖြည်းဖြည်း ထိန်းချုပ်လာနိုင်ခြင်းနှင့် မြို့တမြို့နှင့် တမြို့အကြား စစ်တပ်၏ လှုပ်ရှားနိုင်စွမ်းကိုလည်း ကန့်သတ် ဟန့်တားထားနိုင်သည့် အကျိုးနှစ်ရပ်ကို ရရှိနိုင်မည် ဖြစ်သည်။

ပထမဆုံးအနေဖြင့် အဝေးပြေးလမ်းများ ထိန်းချုပ်မည့် စစ်ဆင်ရေးမျိုးဖြင့် စစ်တပ်ကို မြို့ပြများမှ ဆွဲခေါ်ထုတ်နိုင်ရမည် ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ စစ်ပန်းလာပြီး အကျအဆုံး များလာမည် ဖြစ်သည်။ ထိုသို့သော စစ်ဆင်ရေးမျိုးဖြင့် ကေအန်ယူနှင့် PDF တပ်ပေါင်းစုသည် ကော့ကရိတ်မြို့ အရှေ့ဘက် အာရှအဝေးပြေးလမ်းမကြီးကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

ဒုတိယအနေဖြင့် မြို့ပြဒေသများထဲသို့ ပြောက်ကျားစစ်ဆင်ရေးမျိုးဖြင့် ထိုး‌ဖောက်၍ အနှောင့်အယှက်ပေးနိုင်ရေး ဖြစ်သည်။ အဓိကအားဖြင့် ကားလမ်း၊ ရထားလမ်းများကို ဦးတည် တိုက်ခိုက်ရမည် ဖြစ်သည်။ သို့မှသာ PDF များအတွက် တပ်ရင်း၊ တပ်မ အဆင့် ဖွဲ့စည်းနိုင်ဖို့ အချိန်နှင့် နေရာ ရရှိနိုင်မည်ဖြစ်သည်။ ထိုသို့ ဖွဲ့စည်းနိုင်မှသာ သေနင်္ဂဗျူဟာမြောက် စစ်ဆင်ရေးများ ရေးဆွဲချမှတ်နိုင်ပြီး မြို့ပြများကို သိမ်းယူနိုင်မည် ဖြစ်သည်။

PDF တို့၏ စစ်ရေးစွမ်းရည် တိုးတက်လာမှုနှင့် စစ်ကောင်စီ ဗဟိုပြုရာ ဒေသများတွင် မဟာဗျူဟာမြောက် စစ်ဆင်ရေးများ ဆင်နွှဲနိုင်အောင် NUG သည် သေချာပေါက် လုပ်ပေးနိုင်မည်ဟု တထစ်ချ မှတ်ယူထား၍မရ။ အဘယ်ကြောင့်ဆိုသော  အကွဲကွဲအပြားပြား ပြန့်ကျဲနေသော စစ်မြေပြင် အနေအထားကြောင့် NUG သည် ထိုသို့လုပ်နိုင်ရန် နိုင်ငံရေးနှင့် ထောက်ပို့ပိုင်းတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖို့ ရှိနေသောကြောင့်ပင် ဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သည့် အရေးပါသော စစ်မျက်နှာနှစ်ခု တိုးတက်မှု ရှိမလာခဲ့ပါက နှစ်ပေါင်းများစွာ ကြာသည်အထိ တိုင်းပြည်သည် အကြမ်းဖက်မှုများနှင့် အလဲလဲအပြိုပြို ဖြစ်သွားနိုင်သည့် အခြေအနေ ဆိုက်သွားနိုင်ပြီး မခန့်မှန်းနိုင်သော ဒေသတွင်း ဂယက်ရိုက်ခတ်မှုများ ထွက်ပေါ်လာနိုင်သည်ဟု စစ်ရေးလေ့လာသုံးသပ်သူ အန်သနီ ဒေဗီးစ်၏ အေးရှားတိုင်းမ်တွင် အကြံပြုချက်ကို ပြန်လည်တင်ပြလိုက်ပါသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024