Home
နိုင်ငံတကာ
ဂါဇာတောင်ပိုင်း၌ ဓားစာခံ ၁ ဦး၏ ရုပ်အလောင်းတွေ့ရှိ
DVB
·
April 7, 2024
Israeli troopsRecoverBody_07042024

ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ခန်ယိုးနစ်စ်မှာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတဦးရဲ့ ရုပ်အလောင်းကို အစ္စရေး ကွန်မန်ဒိုတွေ ပြန်ရရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ဧပြီ ၆ ရက်မှာ ပြောပါတယ်။

သေဆုံးသူဟာ လွန်ခဲ့တဲ့ သုံးလလောက်က သူ့ကို ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟဒ်ဝါဒီတွေ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ သူ့ကို ပြန်လွှတ်ပေးဖို့ အသနားခံခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

ကတ်ဇီရ်ကို အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ အသေးစိတ် မဖော်ပြထားတဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို ကိုးကားပြီး စစ်တပ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အစ္စရေးတောင်ပိုင်းရှိ နီရ်အော့ဇ် လယ်ယာအသိုင်းအဝိုင်းမှ အသက် ၄၇ နှစ်အရွယ် လယ်သမား အီလာ့ဒ်ကတ်ဇီရ်ဟာ အောက်တိုဘာ ၇ ရက်က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုအတွင်း ဟားမတ်စ် ဦးဆောင်တဲ့ ပါလက်စတိုင်း သေနတ်သမားတွေက ဂါဇာကမ်းမြောင်ကို ဆွဲခေါ်သွားသူ ၂၅၃ ဦးထဲမှာ ပါဝင်ခဲ့ပါတယ်။

ဇန်န၀ါရီ ၈ ရက်က အစ္စလာမ့်ဂျီဟတ်အွန်လိုင်းမှာ တင်ခဲ့တဲ့ ဗီဒီယိုတခုမှာတော့ ကတ်ဇီရ်က သူဟာ သေဘေးကို တကြိမ်မက ရောက်ခဲ့ရပြီး အသက်ရှင်နေသေးတာ အံ့သြစရာပါပဲလို့ ပြောထားပါတယ်။

သူ့မိသားစုကိုလည်း အရမ်းချစ်ပြီး အရမ်းသတိရကြောင်း ပြောပြချင်သေးတယ်ဆိုတဲ့ စကားတွေနဲ့ ဗီဒီယိုကို တင်ခဲ့တာပါ။

သူ့သေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ပွဲအတွင်း အစ္စလမ္မစ်ဂျီဟတ်တွေ အသုံးပြုတဲ့ တယ်လီဂရမ်ချန်နယ်မှာ ဘာမှတ်ချက်မှ ချက်ချင်း မပေးထားပါဘူး။

အမျိုးမျိုးသော သတင်းရင်းမြစ်တွေအပေါ် အခြေခံပြီး ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံ ၃၅ ဦးထက်မနည်း သေဆုံးသွားကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။

ပါလက်စတိုင်း အဖွဲ့ခွဲတွေကလည်း ဓားစာခံတချို့ဟာ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားတာဖြစ်ကြောင်း ပြောကြပါတယ်။

သေဆုံးမှု အတော်များများကို အတည်ပြုခဲ့ချိန်အတွင်း ပြန်ရရှိခဲ့တဲ့ တချို့ဓားစာခံတွေရဲ့ ရုပ်အလောင်းတွေမှာ ကွပ်မျက်ခံရတဲ့ လက္ခဏာတွေကို အထင်အရှား တွေ့မြင်ရကြောင်း အစ္စရေးက ပြောကြားခဲ့ပါတယ်။

Source/Photo - Reuters/Israel Defense Forces

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024