Home
မြန်မာသတင်း
ရခိုင်စစ်ဌာနချုပ်အနီး တိုက်ပွဲပိုပြင်းထန်လာ
DVB
·
April 7, 2024
AA_07042024
Ann_07042024

ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး အပါအဝင် အမ်းမြို့နယ်ထဲက နေရာ ၃ ခုမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ၁ မိုင်လောက်ပဲ ကွာဝေးတဲ့ နတ်စင်ကုန်းတောင်၊ ဒါးလက်ချောင်း တောဟိန်းတောင်ဗျူဟာနဲ့ အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်ကြားက စညင်းကျေးရွာအနီး ပွိုင့် ၂၅၇ စခန်းတို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ အပြင်းအထန် ခုခံနေတယ်လို့ အမ်းမြို့ခံတယောက်က ပြောပါတယ်။

“တိုက်ပွဲက ဒီနေ့ တော်တော်လည်းပြင်းထန်နေကြတယ်။ တိုက်ပွဲက နေရာ ၃ ခုတောင် ဖြစ်နေကြတာ။ နပခနဲ့ ၁ မိုင်လောက်ပဲဝေးတဲ့ နတ်စင်ကုန်းတောင်မှာလည်း ပြင်းပြင်းထန်ထန် ဖြစ်နေကြတာ။ စစ်ကောင်စီဘက်ကတော့ လေကြောင်းကနေ ပြင်းပြင်းထန်ထန် ခုခံနေတယ်” လို့ ပြောပါတယ်။

အမ်းမြို့နယ်ထဲမှာ မတ် ၂၄ ရက်နေ့ကတည်းက စတင်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး တောဟိန်းတောင် ဗျူဟာစခန်းနဲ့ ပွိုင့် ၂၅၇ တို့ကို ဧပြီ ၂ ရက်နေ့မှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ အေအေက ထုတ်ပြန်ထားပါတယ်။

အမ်းမြို့အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်စခန်းတွေ ဆုတ်ခွာခဲ့ရတာတွေ ရှိသလို စစ်ကောင်စီတပ်သားတွေလည်း ထွက်ပြေးနေကြတာတွေ ရှိတယ်လို့ အမ်းမြို့နယ်က စစ်ရေးအကဲခတ်သူတယောက်က ပြောပါတယ်။

“တိုက်ပွဲတွေက တော်တော်လည်းကို ပြင်းထန်နေကြတာ။ စစ်ကောင်စီက ဂျက်လေယာဉ်တွေနဲ့ရော ရဟတ်ယာဉ်တွေနဲ့ပါ ခုခံနေရတယ်။ အမ်းမှာ ထိုးစစ်စတင်ကတည်းက စစ်ကောင်စီ တပ်စခန်းငယ်တချို့ ဆုတ်ခွာခဲ့ရတာရှိသလို စစ်ကောင်စီတပ်သားတွေလည်း ထွက်ပြေးကြတာတွေ ရှိတယ်။ ဒီအတိုင်းဆိုရင် နပခ လည်း ဘယ်လောက်မှ တောင့်ခံနိုင်စွမ်းမရှိဘူး” လို့ပြောပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာလည်း တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော် သေဆုံးခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်တော၊ အမ်းနဲ့ မြေပုံမြို့နယ်တို့မှာ စစ်ရေးပြင်းထန်နေပြီး ဧပြီ ၅ ရက်နေ့ကလည်း ဘူးသီးတောင်အခြေစိုက် ခမရ ၅၆၄ တပ်ရင်းကို အေအေက သိမ်းပိုက်ရရှိခဲ့ပြီး ရခိုင်ပြည်နယ်က တိုက်ပွဲကာလ ၄ ကျော်အတွင်း ရက္ခိုင့်တပ်တော်က မြို့ ၉ မြို့အထိ သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024