တောင်တရုတ်ပင်လယ်ပြင်အတွင်းက ဖိလစ်ပိုင်ရဲ့ အထူးသီးသန့်စီးပွားရေးဇုန်ထဲမှာ ပါဝင်တဲ့ ရေပြင်မှာ ဖိလစ်ပိုင်ငါးဖမ်းလှေတွေကို တရုတ်ကမ်းခြေစောင့်တပ်က ရေယာဉ်တွေက နှောင့်ယှက်ခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရက ဧပြီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
တရုတ်ကမ်းခြေစောင့်ရေယာဉ်တွေက ဖိလစ်ပိုင်ငါးဖမ်းလှေတွေနား ချဉ်းကပ်လာပုံ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က လူမှုကွန်ရက် X မှာ ထုတ်ပြန်ပေးခဲ့ပါတယ်။
ဧပြီ ၄ ရက်က အီရိုကွိုင်ကျောက်တန်းမှာ ဖိလစ်ပိုင် ငါးဖမ်းရေယာဉ်တွေကို တရုတ် ကမ်းခြေစောင့် စစ်ရေယာဉ်တွေက ရေအမြောက်နဲ့ထိုးမလို ဟန်ပြင်ပြီး ခြိမ်းခြောက် မောင်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လအတွင်းမှာ ရေပိုင်နက်ပြဿနာကြောင့် ဖိလစ်ပိုင်နဲ့ တရုတ်အကြား မကြာခဏ ထိပ်တိုက်တိုးခဲ့ပြီး တရုတ်စစ်ရေယာဉ်တွေက ရေအမြောက်နဲ့ ဖိလစ်ပိုင်ယာဉ်တွေကို ထိုးပက် မောင်းထုတ်တာတွေရှိခဲ့ပါတယ်။
ကျယ်ပြောလှတဲ့ တောင်တရုတ် ပင်လယ်တခွင်လုံးကို တရုတ်က သူပိုင်တယ်လို့ ဆိုထားတာကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ အငြင်းပွားနေတာ ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်း ဥပဒေဆိုင်ရာ ကုလသမဂ္ဂသဘောတူညီအရ တောင်တရုတ်ပင်လယ် တခွင်လုံးကို တရုတ်ပိုင်တယ်လုပ်လို့ မရဘူးလို့ အနုညာတခုံရုံးက ဆုံးဖြတ်ထားပေမဲ့ တရုတ်က မလိုက်နာပါဘူး။
Source/Photo - Reuters