Home
နိုင်ငံတကာ
ရုရှားနိုင်ငံ၌ ဆည်ကျိုးကျ ရေကြီးရေလျှံပြီး လူပေါင်း ၄၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း
DVB
·
April 7, 2024
Evacuation from homes in flood-hit Orsk

ရုရှားနိုင်ငံ၊ ယူရယ်တောင်တန်းဒေသ အော့စ်ခ်မြို့မှာ ယူရယ်မြစ်ရေ တက်လာရာကနေ မြစ်ကမ်းနားက ရွာတွေကို ရေလျှံခဲ့ပြီး ဆည်တခုကျိုးသွားခဲ့ရာမှ ရေကြီးရေလျှံ ဖြစ်ပွားခဲ့လို့ မြို့နေလူထု ၄၀၀၀ ကျော်ကို သူတို့နေအိမ်တွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်တွေက ဧပြီ ၆ ရက်မှာ ပြောပါတယ်။

ရုရှားနိုင်ငံနဲ့ ကာဇက်စတန်နယ်စပ်နားက လူပေါင်း ၂၃၀,၀၀၀ ရှိတဲ့ မြို့ကနေ ကလေး ၁၁၀၀ လောက် အပါအဝင် လူပေါင်း ၄၄၀၂ ဦးကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

လူပေါင်း ၁၀၀၀၀ လောက်နေထိုင်ကြတဲ့ နေအိမ်ပေါင်း ၆၀၀၀ လောက်အထိ ရေနစ်မြုပ်နိုင်ကြောင်း ရုရှားသတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။

ဧပြီ ၅ ရက်က အော့စ်ခ်မြို့ တည်ရှိရာ အိုရန်ဘာ့ဂ်ဒေသမှာ ဆည်တခု ကျိုးသွားပြီးနောက်မှာ မြစ်ကမ်းဘေးရှိဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ဒေသအာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။

သတင်းအေဂျင်စီတွေကတော့ ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းမှုကြောင့် ဆည်ကျိုးပေါက်သွားတာ ဖြစ်ကြောင်း ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးကို ကိုးကားဖော်ပြပါတယ်။

ဒေသအာဏာပိုင်တွေဟာ ဒေသခံတွေအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ နေရာ ၆ ခုကို သတ်မှတ်ထားကြောင်း ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။

အိုရန်ဘာ့ဂ်ဒေသမှာ  အရေးပေါ်အခြေအနေ ကြေညာထားပြီး မကြာသေးမီ ရက်ပိုင်းအတွင်း ဆီးနှင်းတွေ အရည်ပျော်ကျမှုကြောင့် နိုင်ငံတဝန်း ရေလွှမ်းမိုးမှုဒဏ်ခံရတဲ့ လူပေါင်း ၃,၅၀၀ ကို ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ကူညီပေးခဲ့ကြောင်း အရေးပေါ် ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အော့စ်ခ်မြို့ ပါဝင်တဲ့ ဒေသအပြင်တခြား ယူရယ်ဒေသကပြည်နယ်တွေနဲ့ ကာဇက်စတန်နိုင်ငံရဲ့ အနီးအနား အစိတ်အပိုင်းတွေလည်း ရေလွှမ်းမိုးမှု ခံခဲ့ရပါတယ်။ 

Source/Photo - Russian Emergencies Ministry/Handout via REUTERS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013