ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ စစ်မှုထမ်းတွေကို ထောက်ပံ့ဖို့ဆိုပြီး တအိမ်ထောင် ငွေကျပ် ၁၅၀,၀၀၀ အထိ ကောက်ခံနေတယ်လို့ ဒေသခံတွေအနေနဲ့ အခက်ကြုံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမာမြို့ခွဲမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ဧပြီ ၅ ရက်ကလို့ တအိမ်ထောင်ကို ငွေကျပ် ၁၅၀,၀၀၀ အထိ မဖြစ်မနေ ကောက်ခံနေတာဖြစ်ပြီး ငွေမထည့်တဲ့ အိမ်ထောင်စုတွေကို စစ်ကောင်စီတပ်ကို ဖမ်းဆီးခိုင်းမယ်လို့ ဆိုပါတယ်။
အမာမြို့ခံတယောက်က “အတင်းအဓမ္မ ထည့်ခိုင်းတာ၊ မထည့်ရင် စာရင်းယူပြီး စစ်တပ်ကို ဖမ်းခိုင်းမယ်လို့ ပြောတာ။ ကောက်တဲ့ငွေကလည်း မနည်းဘူး။ မြေပြင်မှာ အုပ်ချုပ်ရေးမှူးတွေ တော်တော်ဆိုးနေတာ။ စစ်တပ်ကို နာမည်ကိုသုံး စစ်တပ်နာမည်ကို ဖျက်နေတာက သူတို့ ခန့်ထားတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေပဲ။ မရှိတဲ့သူတွေဆို စားနေတဲ့ ဆန်တောင် ပြန်ရောင်းပေးနေရတာ” လို့ ပြောပါတယ်။
ဖျာပုံမြို့နယ်မှာလည်း ကောက်ခံနေတဲ့ ငွေကျပ် ၁၅၀,၀၀၀ ကိုမပေးရင် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေတာကြောင့် စားဖို့ထားတဲ့ စပါးတွေ ရောင်းပေးရတာ၊ စီးနေတဲ့ ဆိုင်ကယ် ပေါင်ပေးရတာ၊ စားဖို့ထားတဲ့ ငါးပိတွေ ဆန်တွေ ရောင်းပေးရတာမျိုးတွေ ကြုံနေရတယ်လို့လည်း သိရပါတယ်။
ဒေသခံတယောက်က “ကောက်တဲ့ငွေကို ထည့်ပါ့မယ်၊ ငါးရှာရောင်းပြီး စုထည့်ရမှာမို့ ၁ ပတ်လောက် စောင့်ပေးပါ ပြောတာမရဘူး။ အုပ်ချုပ်ရေးမှူးက ၁ ပတ်အထိ စောင့်ပေးရမယ်ဆို စစ်တပ်ဖမ်းတာပဲ ခံလိုက်တော့လို့ ပြောတာ။ ကြောက်လို့ ဆိုင်ကယ်လေး ပေါင်ထည့်လိုက်ရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဖျာပုံက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းဖို့ခေါ်ရာမှာလည်း အုပ်ချုပ်ရေးအဖွဲ့နဲ့ ပတ်သက်သူတွေ၊ မိသားစုတွေကို ချန်ထားသလို သူတို့ ခေါ်ချင်တဲ့သူတွေကို ခေါ်သွားပြီး မဲနှိုက်တာတွေ၊ ဆင့်ခေါ်စာပို့တာတွေ မလုပ်ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။