မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၄ ခုကို ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF က ၃ ရက် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂ ဦးနဲ့ ရဲ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ ရွှေစေတီ ငွေစေတီဘုရားကုန်း၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်၊ လက်ပံပင် သင်္ချိုင်းကုန်းနဲ့ အင်္ဂဘိုတာဝါတိုင်တို့ကို ၃ ရက်အတွင်း ဒရုန်းဗုံးသီးအပြင် ၆၀ မမ လက်နက်ကြီးနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ KRF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“နေရာ ၄ ခုကို မစ်ရှင် ၂ ခု လုပ်ခဲ့တာပါ။ ဘုရားကုန်းပေါ်မှာတပ်စွဲထားလို့ ဒရုန်းဗုံးသီး ၂ လုံးချပြီး တိုက်ခိုက်ခဲ့တာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးပါတယ်။ လမ်းဆုံမှာက ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့ပါတိုက်ခိုက်ခဲ့လို့ ရဲ ၃ ဦး သေဆုံးပြီး ရဲကား ၂ စီးအပြင် ဖမ်းထားတဲ့ Without ကားပါပျက်စီးသွားတယ်။ ၅ ဦး လောက် ဒဏ်ရာရတယ်။ without ကားက သူတို့ တာဝန်ယူထားရတော့ ပြန်လျော်ရမယ်လို့ကြားတယ်။ လက်ပံပင်သင်္ချိုင်းကုန်းမှာတော့ စစ်သား ၅ ဦးဒဏ်ရာရတယ်။ တာဝါတိုင်တိုက်ခိုက်မှုက ထိခိုက်မှုကတော့ မသိရသေးပါဘူး။ ကျနော်တို့ဘက်ကထိခိုက်မှုမရှိပါဘူး” လို့ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ပြည်သူ့ရင်ခွင်ကိုအမြန်ဆုံးခိုလှုံကြဖို့နဲ့ မခိုလှုံရင် အခုထက် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေလုပ်သွားမယ်လို့ သူက ဆက်ပြောပါတယ်။
မနေ့ညနေ ၅ နာရီဝန်းကျင်လောက်မှာ လက်ပံပင်သင်္ချိုင်းကုန်းနဲ့ အင်္ဂဘိုတာဝါတိုင်ကို ဒရုန်းဗုံးသီး ၅ လုံးအပြင် ၆ဝ မမ လက်နက်ကြီး ၄ လုံးနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ အရာရှိခွဲမှူး ၁ ယောက် ဘယ်လက်မောင်းနဲ့ ဘယ်နားရွက် ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေကို ရန်ကုန်ဘက် သယ်ဆောင်သွားတယ်လို့ KRF ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက ရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု - KRF၊ KNU/KNLA၊ Night Hawks၊ YEF၊ တပ်မဟာ ၁ PDF တပ်ရင်း၊ တောကျီးကန်းအဖွဲ့၊ ခရမ်း PDF နဲ့ ကျိုက်ထိုပကဖ ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို အခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ကလည်း မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို KRF နဲ့ ကျိုက်ထိုပကဖတို့က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။