Home
မြန်မာသတင်း
စစ်ကောင်စီက သင်္ကြန်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသော်လည်း ပြည်သူများ စိတ်ဝင်စားမှုနည်း
DVB
·
April 7, 2024
ThinGyan Mandat_07042024

သင်္ကြန်ကာလ နီးလာလို့ ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာ စစ်ကောင်စီက သင်္ကြန်ပွဲကို စည်ကားအောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပေမဲ့ ပြည်သူတွေကြားမှာတော့ စစ်မှုထမ်း စုဆောင်းခံရတဲ့ကိစ္စတွေ အပါအဝင် စီးပွားရေးနဲ့ လုံခြုံရေး အခက်အခဲတွေကြောင့် သင်္ကြန်ကို စိတ်မဝင်စားကြဘူးလို့ ပြည်သူတွေက ပြောပါတယ်။

အခုနှစ် သင်္ကြန်ကာလအဖြစ် ဧပြီ ၁၃ ရက်ကနေ ၁၉ ရက်အထိ သတ်မှတ်ထားပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နှစ်စဉ် ကျင်းပနေကျ နေရာတွေဖြစ်တဲ့ ရန်ကုန်မြို့လယ်က မြို့တော်ခန်းမနဲ့ ပြည်သူ့ရင်ပြင်တို့မှာ သင်္ကြန်ပွဲအတွက် ပြင်ဆင်နေတာ တွေ့ရတယ်လို့ ရန်ကုန်ပြည်သူတွေက DVB ကို ပြောပါတယ်။

သင်္ကြန်ကာလ နီးလာပေမဲ့ အာဏာမသိမ်းခင် အရင်နှစ်တွေကလို ပြည်သူတွေကြားထဲ လှုပ်လှုပ်ရှားရှား မရှိတဲ့အပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းတာ၊ စီးပွားရေး ကျပ်တည်းလာတာတွေကြောင့် ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှုနည်းတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးတည်းက သင်္ကြန်ပွဲတော်က ပျော်စရာမကောင်းတော့ဘူးလို့ ရန်ကုန်က လူငယ်တဦးက ပြောပြီး စစ်ကောင်စီဟာ သူတို့ကို ထောက်ခံသူတွေနဲ့ပဲ သင်္ကြန်ကို ကျင်းပရဖို့ ရှိနေတယ်လို့ မှတ်ချက်ပြုပါတယ်။

“အခုအခြေအနေက စစ်မှုထမ်းကိစ္စတွေလည်းရှိတော့ သင်္ကြန်ကို ဘယ်သူမှ စိတ်ဝင်စားမယ် မထင်ဘူး။ သင်္ကြန်ဆိုတာက အရင်ကဆို ဧပြီလအစမှာတည်းက လူတိုင်းပြောနေကြပြီ။ အခုက သင်္ကြန်နဲ့ပတ်သက်တဲ့ စကားလုံးတောင် လမ်းသွားလမ်းလာ ရပ်ကွက်ထဲမှာ ပြောသံကို မကြားရဘူး။ ကလေးတွေလောက်တော့ ရေပက်တာရှိကြမှာပေါ့။ စိတ်ဝင်စားလားဆိုတော့ သင်္ကြန်ကို အရင်လောက် ဘယ်သူမှ စိတ်ကိုမဝင်စားတော့တာ။ မီးတွေကလည်း ပျက်တယ်၊ ရန်ကုန်မှာ အကုန်လုံးက သူ့အပူနဲ့သူ ဖြစ်နေကြတာ။”

မန္တလေးမြို့မှာလည်း သင်္ကြန်အတွက် စစ်ကောင်စီလက်အောက်ခံ ဌာနတွေ ပြင်ဆင်မှုတွေ လုပ်နေပြီလို့ မြို့ခံတွေက ပြောပြပါတယ်။

သင်္ကြန်မဏ္ဍပ်၊ ဖျော်ဖြေရေးနဲ့ စတုဒီသာမဏ္ဍပ်တွေ ဆောက်လုပ်ဖို့အတွက် အခွန်အခ ပေးစရာ မလိုဘူးဆိုပြီး မန္တလေးစည်ပင်က ပြီးခဲ့တဲ့ မတ်လတည်းက ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့ခံ လူငယ်တဦးက “ကျုံးဘေးကတော့ မြို့တော်ဝန်မဏ္ဍပ်နဲ့ တခြားပုဂ္ဂလိက မဏ္ဍပ်တချို့ ဆောက်နေတယ် ပြောတယ်။ အမရပူရ ဦးပိန်တံတားနားမှာလည်း မဏ္ဍပ်တခု ဆောက်နေတယ်။ မင်္ဂလာ မန္တလေး ၇၃ လမ်းမှာလည်း တခု တွေ့တယ်။ သင်္ကြန်သီချင်းတွေတော့ ဖွင့်ကြတယ်။ အာဏာသိမ်းကာလ မတိုင်မီက သင်္ကြန်အငွေ့အသက်တွေတော့ မရတော့ဘူးပေါ့။ အမှတ်မရှိတဲ့သူတွေကတော့ လည်ကြမှာပဲဗျ။ အခုအခြေအနေက သာမန်ရက်တွေမှာ တောင် လုံခြုံမှုမရှိတာ သင်္ကြန်ရက်ပိုဆိုးမယ်” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် အခုနှစ် သင်္ကြန်နဲ့ဆိုရင် စစ်ကောင်စီလက်ထက်မှာ သင်္ကြန်ကာလ ၄ ကြိမ်ရှိခဲ့ပြီး အာဏာမသိမ်းခင်နှစ်တွေကလို စည်ကားတာတော့ မရှိပါဘူး။ ပြီးခဲ့တဲ့ နှစ်တွေမှာတော့ ပြည်သူတွေဟာ စစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ တော်လှန်သင်္ကြန်အဖြစ် ပွဲတော်မှာ ပါဝင်ဆင်နွှဲတာ မလုပ်ခဲ့ကြဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ ရပ်တည်ခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013